NLD ရှမ်းလွှတ်တော်ကိုယ်စားလှယ် အသတ်ခံရမှု ရန်ကုန်ကုလသမဂ္ဂရုံး ရှုတ်ချ

24-Nov-2020

ကျောက်မဲမြို့ မဲဆန္ဒနယ်ရဲ့ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသူ ဦးထိုက်ဇော် သတ်ဖြတ်ခံရမှုကို ရှုတ်ချကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးက တနလာၤနေ့မှာ ကြေညာချက်ထုတ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူ ဦးထိုက်ဇော်ကို သတ်ဖြတ်ခံရမှုမှာ ကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ပြီး တရားဥပဒေကြောင်းအရ ဆောင်ရွက်နိုင်ဖို့လည်း မျှော်လင့်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဦးထိုက်ဇော် အသတ်ခံရမှုအတွက် မိသားစု မိတ်ဆွေနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရကြောင်းလည်း ဖော်ပြပါတယ်။

ရှမ်းပြည်နယ် ကျောက်မဲမြို့ အမျိုးသားလွှတ်တော်အမတ်နေရာ ရွေးကောက်ခံထားရတဲ့ ဦးထိုက်ဇော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ စနေနေ့က နေအိမ်မှာအလုပ်လုပ်နေစဉ် သေနတ်သမားက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ သေနတ်ဒဏ်ရာနဲ့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တာပါ။ သေနတ်နဲ့ ပစ်ခတ်ခဲ့သူ ဘယ်သူဆိုတာတော့ အခုအချိန်ထိ မသိရသေးပါဘူး။

Crd VOA News