UEC ရုံးရှေ့ ဆန္ဒပြသူ နှစ်ဦး အာမခံနဲ့ ပြန်လည်လွတ်မြောက်

17-Nov-2020

ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ရုံးရှေ့မှာ ဆန္ဒပြခဲ့တာကြောင့် အလုပ်နဲ့ ထောင်ဒဏ် တစ်လစီချမှတ်ခံခဲ့ရတဲ့ ခေါင်းဆောင်နှစ်ဦး အာမခံနဲ့ မနေ့ညနေကပြန်လည် လွတ်မြောက်လာပါတယ်။

ဥတ္တရသီရိမြို့နယ် တရားရုံးက ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ ထောင်ဒဏ် တစ်လ ချခဲ့တာကို ပြစ်ဒဏ်ချခံရသူ နှစ်ဦးက အယူခံတင်သွင်းခဲ့ရာမှာ ဒက္ခိဏခရိုင် တရားရုံးက အာမခံပေးလိုက်တာဖြစ်ပါတယ်။

အာမခံနဲ့ လွတ်မြောက်လာတဲ့ ဦးဇော်ဦး (ခ) ဦးဇော်လင်းက ဒက္ခိဏခရိုင် တရားရုံးက မနေ့ ညနေက သူတို့ နှစ်ဦးကို လွှတ်ပေးလိုက်တာဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၂၃ ရက်နေ့မှာ အယူခံကို အပြီးသတ် အမိန့်ချမှာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

နှင်းဆီပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုးရေးပါတီဝင်တွေနဲ့ ဝန်းရံသူတချို့က နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့မှာ နိုဝင်ဘာ ၁၁ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီအထဲက ခေါင်း‌ဆောင်နှစ်ဦးကို၊ ဥတ္တရသီရိမြို့နယ် တရားရုံးက ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ အရ နိုဝင်ဘာ ၁၂ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ပါတယ်။

အာမခံနဲ့ လွတ်မြောက်လာတဲ့ ဦးဇော်လင်းက ကိုယ်မှန်တယ်လို့ထင်တဲ့ ကိစ္စတွေကို ဆက်လက် တောင်းဆို သွားမယ်လို့လည်း ပြောပါတယ်။

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ အရ၊ မည်သူမဆို ပုဒ်မ ၄ ပါ ပြဌာန်းချက် တွေနဲ့အညီ သက်ဆိုင်ရာကို အသိပေးတင်ပြခြင်းမရှိဘဲ၊ စုဝေးတာ ဒါမှမဟုတ် စီတန်းလှည့်လည်ကြောင်း ပြစ်မှုထင်ရှားရင်၊ သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။

နေပြည်တော်မှာနေထိုင်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဒီအမှု အမျိုးအစားက ရာဇဝတ်မှု အသေးဖြစ်ပြီး၊ တရားရုံးရှေ့ရောက်ရင် တရားခံကို ကျူးလွန်ခြင်း ရှိ၊ မရှိ မေးမြန်းပြီး ကျုးလွန်ကြောင်း ဝန်ခံရင် ချက်ချင်း အမိန့်ချလို့ရတယ်၊ မကျေနပ်ရင်တော့ အယူခံကို တစ်လအတွင်း အယူခံ တင်သွင်းခွင့်ရှိတယ်လို့ ပြောထားပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ရွေးကောက်ပွဲ မဲရလဒ်နဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို အယုံအကြည်မရှိကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေနဲ့ ထောက်ခံသူ တစ်ထောင်ကျော်က နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာ ဘောလုံးကွင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

Crd RFA

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။