၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ မဲဆန္ဒရှင်ပြည်သူများ မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်

09-Nov-2020

နေပြည်တော်   နိုဝင်ဘာ   ၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီတွင် တစ်နိုင်ငံလုံး၌ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်ကြသည်။

နေပြည်တော်၌လည်း မဲဆန္ဒရှင် ပြည်သူများသည် နံနက် ၆ နာရီမတိုင်မီ သက်ဆိုင်ရာမဲရုံအသီးသီးသို့ ရောက်ရှိ ကြပြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန် ချက်များနှင့်အညီ မဲပေးနိုင်ရေး တန်းစီ နေရာယူကြသည်။

မဲရုံမဖွင့်မီ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊   ကျေးရွာ  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ အဖွဲ့ဝင်များ၊ မဲရုံမှူးများနှင့် တာဝန်ရှိသူများသည် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များ၊  လေ့လာစောင့်ကြည့်သူများ၏ ရှေ့မှောက်တွင်      ဆန္ဒမဲပုံးများကို စစ်ဆေးပြသကြပြီး   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က  သတ်မှတ် ထားသည့် လုံခြုံရေးကြိုးများဖြင့် မဲပုံး များကို စနစ်တကျပိတ်သည်။

နံနက် ၆ နာရီတွင် မဲရုံမှူးများက မဲရုံဖွင့်လှစ်ကြောင်း ကြေညာသည်နှင့် တစ်ပြိုင်နက် ဆန္ဒမဲပေးရန် ရောက်ရှိ နေကြသည့် ပြည်သူများက တာဝန် ရှိသူများထံမှ   ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်   နေရာများ အတွက် ရွေးချယ်ပေးရမည့်  ဆန္ဒမဲ လက်မှတ်များကို      လက်မှတ်ထိုး ထုတ်ယူပြီး လွတ်လပ်စွာ  လျှို့ဝှက် ဆန္ဒပြုကာ မဲပုံးများအတွင်းသို့ ထည့် သွင်းကြသည်။

မဲရုံပြင်ပတွင်လည်း   မဲဆန္ဒရှင် ပြည်သူများ  COVID-19   ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ လွတ်လပ်၊ လုံခြုံဘေးကင်းစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် တာဝန်ရှိသူများက ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ KN-95 နှာခေါင်း စည်းများ ထုတ်ပေးခြင်း၊ လက်သန့် ဆေးရည်ဖျန်းပေးခြင်း၊ မဲရုံအတွင်း၊  အပြင် လုံခြုံရေးဆောင်ရွက်ပေးခြင်း နှင့် လိုအပ်ချက်များကို ကူညီဆောင် ရွက်ပေးကြသည်။

ထို့ပြင် မဲဆန္ဒရှင်ပြည်သူများ၏ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ကျန်းမာရေးဝန်ထမ်းများ နှင့် လူနာတင်ယာဉ်များကို မဲရုံများ အနီးတွင် ထားရှိပေးပြီး သောက်ရေ သန့်များကိုလည်း စေတနာရှင်ပြည်သူ များက လာရောက်လှူဒါန်းပေးထား သည်။

မဲရုံများတွင် လာရောက်ဆန္ဒမဲပေး ကြသည့်   ပြည်သူများ  လွတ်လပ် လုံခြုံစွာ လျှို့ဝှက်ဆန္ဒမဲပေးနိုင်မှု ရှိ၊ မရှိကို ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက လာရောက်စောင့်ကြည့်ကြပြီး သတင်း မီဒီယာများလည်း လာရောက်သတင်း ရယူကြသည်။

နေပြည်တော်    ပြည်ထောင်စု နယ်မြေအတွင်းရှိ  မဲဆန္ဒရှင်ပြည်သူ များက ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေး မြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်း မြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိ မြို့နယ်တို့ရှိ သက်ဆိုင်ရာမဲရုံများသို့ သွားရောက်၍  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရှစ်နေရာနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နှစ်နေရာ တို့အတွက်   ဝင်ရောက်ယှဉ်ပြိုင်ကြ သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များထဲမှ မိမိတို့နှစ်သက်သည့် ပုဂ္ဂိုလ် များကို   လွတ်လပ်စွာ   ဆန္ဒမဲပေး ရွေးချယ်ကြသည်။

နေပြည်တော်  ပြည်ထောင်စု နယ်မြေအတွင်းရှိ သီရိ ငါးမြို့နယ်နှင့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ် တို့တွင် မဲရုံစုစုပေါင်း ၆၄၆ ရုံ ဖွင့်လှစ် ထားသည်။

မဲပေးမှု ပြီးဆုံးချိန်တွင် မဲရုံမှူး များနှင့်  အဖွဲ့ဝင်များသည် နိုင်ငံရေး ပါတီများမှ      ကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများရှေ့မှောက် ၌ မဲပုံးများကိုဖွင့်ဖောက်၍ ခိုင်လုံမဲနှင့် ပယ်မဲတို့ကို  စနစ်တကျ  ရွေးချယ် ရေတွက်ကြပြီး သက်ဆိုင်ရာမှတ်တမ်း စာအုပ်များတွင်  မှတ်တမ်းရေးသွင်း ကြသည်။

ယခုရွေးကောက်ပွဲတွင်   နိုင်ငံ တစ်ဝန်း၌         ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၁၅ နေရာအတွက် လွှတ်တော်  ကိုယ်စားလှယ်လောင်း ၁၅၆၅ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၁ နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၇၉ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၆၁၂ နေရာ အတွက် လွှတ်တော်ကိုယ်စားလှယ် လောင်း ၃၁၁၂ ဦး၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ၂၉ နေရာ အတွက် လွှတ်တော်ကိုယ်စားလှယ် လောင်း ၁၈၃ ဦး ပါဝင်ယှဉ်ပြိုင်အရွေး ချယ်ခံကြသည်။

ယခုရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၈၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇၂၆၈၈၇၆ ဦး ရှိကာ မဲရုံပေါင်း ၃၉၉၆၂ ရုံ ဖွင့်လှစ် ထားရှိကြောင်း သိရသည်။

သက်ဆိုင်ရာ     မဲဆန္ဒနယ်မြေ အသီးသီးမှ      အရွေးချယ်ခံရသည့် လွှတ်တော်    ကိုယ်စားလှယ်များ၏ အမည်စာရင်းကို        ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အချိန်နှင့် တစ်ပြေးညီ    ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်