ရွှေစည်းခုံစေတီတော်

Listing Description

ရွှေစည်းခုံစေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့မှအနောက်မြောက်ဘက် ခုနစ်မိုင်ခန့်ဝေးသော ညောင်ကန်ကျေးရွာတွင် တည်ရှိပါသည်။ ညောင်ကန်ရွာသည် ကုန်းဘောင်မင်းဆက် ဘကြီးတော် စစ်ကိုင်းမင်းလက်ထက် အဋ္ဌကထာကျမ်းပြု အကျော်အမော် ဆရာတော်ဦးဗုဓ် မွေးဖွားခဲ့ရာဇာတိ ဖြစ်ပါသည်။ သက္ကရာဇ် ၁၁၈၁ ခုနှစ်တွင် ဘကြီးတော်စစ်ကိုင်းမင်းသည် မင်းအဖြစ်သို့ ရသောအခါ ငယ်စဉ် မင်းသားဘဝက ပညာသင်ကြားပေးသည့် ဆရာမင်းကြီးအား အဂ္ဂမဟာသေနာပတိအရာကို ပေး၏၊ အမတ်မင်းကြီးဟု ထင်ရှားလေသည်။ ထိုအမတ်မင်းကြီးသည် မိမိဇာတိ ညောင်ကန်ရွာတွင် မင်းရဲခေါင်ဗလသူရအမည်ရှိသည့် ရွာအုပ် မောင်ရာအား တာဝန်ပေးကာ ရွှေစည်းခုံစေတီတော်ကို တည်စေခဲ့ပါသည်။ စေတီတော်သည် ဖိနပ်တော် ၆၄ တောင်၊ ဉာဏ်တော်မှာ စိန်ဖူးတော်အထိ အတောင် ၁၁၀ ရှိပါသည်။ စေတီတော်ကြီး တည်ဆောက်ပြီးစီးသည့်အခါ မင်းကြီးကိုယ်တိုင် ရေစက်ချ ထီးတော်တင်ခဲ့သည်။ ဘွဲ့တော်ကိုလည်း "ဇေယျခုံ" ဟု သမုတ်ခဲ့သည်။ နောင်အခါတွင် ရွှေစည်းခုံဟု ထင်ရှားခဲ့ပါသည်။