ဦးခင်ဇော် (၁၉၀၅-၁၉၈၉)

Listing Description

ဦးခင်ဇော်ကို ၁၉၀၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၌ အဖ ဦးဖိုးသွင်၊ အမိ ဒေါ်ဖွားတို့က ဖွားမြင်သည်။

၁၉၂၁ ခုနှစ်တွင် ရန်ကုန်မြို့ အစိုးရ အထက်တန်းကျောင်းမှ ဟိုက်စကူးဖိုင်နယ် အောင်မြင်သည်။ ၁၉၂၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ် ဘာသာဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ ရရှိသည်။ ၁၉၃ဝ ပြည့်နှစ်တွင် စာကြည့်တိုက်ပညာ တက်ရောက်သင်ကြားပြီး၊ ၁၉၃၂ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်မှ စာကြည့်တိုက်ပညာ ဒီပလိုမာ ရရှိခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ မှ စာကြည့်တိုက်ပညာဆိုင်ရာ အမြင့်မားဆုံး (FLA) ဘွဲ့တံဆိပ် ချီးမြှင့်ခံခဲ့ရသည်။

ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူးအဖြစ် ၁၉၃၂ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ဤသို့ ထမ်းဆောင်စဉ် အတွင်း မြန်မာဂီတကို စနစ်တကျ လိုက်စားကာ ကမ္ဘာ့ဂီတ သင်္ကေတဖြင့် မြန်မာ့ဂီတကို ဆက်စပ်ပေးခဲ့သည်။ ဤနည်းဖြင့် ၁၉၄ဝ ပြည့်နှစ်တွင် မင်းသုဝဏ်၏ 'မောင်ခွေးဖို့ကဗျာများ'ကို ကမ္ဘာ့သုံး ဂီတ သင်္ကေတဖြင့် အသံ ထည့်ပေးခဲ့သည်။

၁၉၄၁ ခုနှစ်တွင် မြန်မာနိုင်ငံ သုတေသန ညီလာခံ၌ မြန်မာ့ဂီတ ကနဦး လေ့လာချက်စာတမ်းကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ကြားခဲ့သည်။

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် အတွင်း ထိုစဉ်က ဗြိတိသျှစစ်တပ် တော်ဝင် အင်ဂျင်နီယာ တပ်ခွဲတွင် ဗိုလ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်တပ်များ ဝင်ရောက်လာသော အခါ ဦးခင်ဇော်သည် ဗြိတိသျှစစ်တပ်နှင့်အတူ အိန္ဒိယနိုင်ငံသို့ တပ်ဆုတ်ရာတွင် ပါသွားခဲ့သည်။

အိန္ဒိယတွင် ရှိနေစဉ်အတွင်း ဦးခင်ဇော်သည် ၁၉၄၂ ခုနှစ်မှ ၁၉၄၄ ခုနှစ်အထိ အိန္ဒိယ အသံလွှင့်ဌာနတွင် လည်းကောင်း၊ ၁၉၄၄ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ အင်္ဂလန် ဘီဘီစီ အသံလွှင့်ဌာနတွင် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။ ဤကဲ့သို့ ဒုတိယကမ္ဘာစစ် အတွင်း အသံလွှင့်မှု အတွေ့အကြုံပေါ် မူတည်၍ ဗြိတိသျှတပ်များ မြန်မာနိုင်ငံကို ဂျပန်လက်မှ ပြန်လည် သိမ်းယူပြီး အချိန်တွင် ဦးခင်ဇော်ကို မူလ စာကြည့်တိုက်မှူး အဖြစ်မှ မြန်မာ့အသံ ညွှန်ကြားရေးဝန် အဖြစ် ခန့်အပ်လိုက်သည်။

မြန်မာ့အသံတွင် ညွှန်ကြားရေးဝန် အဖြစ် ၁၉၄၆ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် နိုင်ငံတော်မှ ချီးမြှင့်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို လက်ခံရရှိသည်။ မြန်မာ့အသံတွင် ညွှန်ကြားရေးဝန် အဖြစ် အမှုထမ်းစဉ် အတွင်း ရှေးစာဆိုတော်ကြီးများ၏ ရတု၊ ရကန်၊ အဲ၊ အံ၊ လူးတား၊ မော်ကွန်း၊ တောလား၊ အိုင်ချင်းများ၏ သီဆိုဟန်ကို ဂီတမိခင်ကြီး စောမြအေးကြည်နှင့် ဒေါ်ဒေလီညွန့်တို့၏ အသံဖြင့် ဓာတ်ပြားများ သွင်းယူထားသည်။

အင်္ဂလိပ်ဘာသာ အထူးကျွမ်းကျင်သည့် အလျောက် မြန်မာ့ဝတ္ထု ဆောင်းပါးများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခဲ့သည်။ ကိုယ်ပိုင် ရေးသား ပြုစုသည့် မြန်မာ့ယဉ်ကျေးမှု (Myanmar Culture) စာအုပ်ကို ပြုစု ထုတ်ဝေခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန ဂီတအထူးအကြံပေး အရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် နိုင်ငံတကာ ရာမာယန စာတမ်းဖတ်ပွဲသို့ ဦးသိန်းဟန် (ဇော်ဂျီ၊ စာရေးဆရာ) နှင့်အတူ တက်ရောက် စာတမ်း ဖတ်ကြားခဲ့သည်။

ဦးခင်ဇော်သည် ၁၉၈၉ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ရေးသားပြုစုခဲ့သော စာအုပ်အချို့

မြန်မာဂီတကနဦးလေ့လာချက်စာတမ်း

မြန်မာ့နက္ခတ်တာရာများစာတမ်း

မြန်မာ့သစ်ပင်များစာတမ်း

လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြေရတုစာတမ်း

မြန်မာ့ယဉ်ကျေးမှုစာတမ်း

မြန်မာရာမစာတမ်းနှင့်

အင်္ဂလိပ်ဘာသာ သို့ ပြန်ဆို ထုတ်ဝေသော စာအုပ်အချို့

မင်းသုဝဏ်၏ မောင်ခွေးဖို့ကဗျာများ (၁၉၄၀)

ဦးနု၏ လူထုအောင်သံ (၁၉၅၃)

ဦးနု၏ ရက်စက်ပါပေ့ကွယ် (၁၉၅၄)

မြန်မာ့ဓလေ့ပုံပြင်များ (၁၉၇၂)

မြန်မာ့ယဉ်ကျေးမှု (၁၉၈၁) တို့ ဖြစ်သည်။

ပါဝင်ရေးသားခဲ့သော ဂျာနယ်၊ မဂ္ဂဇင်းများ

မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်

ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်း

Forward

The Guardian Magazine

The New Time of Burma

Open Mind

Working People's Daily တို့ ဖြစ်သည်။