ဂူကြီးကုန်းဂူဘုရား

Listing Description

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ရှင်အရဟံနေဝင်သိမ်တော်၏ မြောက်ဘက်အနီးတွင် တည်ရှိသည်။ အလောင်းစည်သူမင်းကြီး၏သားတော် မင်းရှင်စောက ပုဂံပြည်မှ နင်နှင်ဒဏ်ပေးခံရသဖြင့် ဤအရပ်သို့ ဆင်၊ မြင်း၊ ဗိုလ်ပါတို့ဖြင့် ထွက်လာခဲ့ပြီး သက္ကရာဇ် ၅၂၉ ခုနှစ်တွင် ဤဂူကြီးကုန်းဂူဘုရားကို တည်ထားကိုးကွယ်ခဲ့သည်ဟုဆိုပါသည်။ ရှင်အရဟံမထေရ် သီတင်းသုံးခဲ့သဖြင့် ရှင်အရဟံဂူဟုလည်း ခေါ်တွင်ခဲ့သည်။ မြောက်ဘက်တွင် ပြိုပျက်နေသော အပေါက်တစ်ခုနှင့် တောင်ဘက်တွင် လိုဏ်ဂူပေါက်ဖောက်ထားပြီး အတွင်း၌ မြေအောက်လိုဏ်ဂူကြီးပြုလုပ်ထားရာ ယခုအခါ အောက်သို့ဆင်းနိုင်ခြင်း မရှိတော့ပေ။ ဂူကြီးကုန်းတွင် ပုဂံခေတ် အုတ်ချပ်၊ အုတ်ရိုးထုထည်များ ယနေ့တိုင်မြင်တွေ့နိုင်ပြီး ပုဂံခေတ် အုတ်ချပ်ကြီးများမှာ အလျား ၂၁ လက်မ၊ အနံ ၁၅ လက်မ၊ ထု ၁၀ လက်မရှိသည်။ ဂူပေါက်မှာ ပုဂံဘုရားများတွင် တွေ့ရလေ့ရှိသော မုခ်ထွတ်သဏ္ဌာန် တည်ဆောက်ထားသည်။ တောင်ဘက်မျက်နှာစာ၌ မတ်စောက်နေသော နံရံကိုကြည့်ခြင်းအားဖြင့် ဂူကြီးကုန်းသည် ကုလားကျောင်းခံ၍ တည်ဆောက်ထားကြောင်း ခန့်မှန်းရသည်။ ယခုအခါ ဂူကြီးကုန်းတော်ပေါ်တွင် စေတီပေါက်တည်ထားပြီး တရားထိုင်၊ ပုတီးစိပ်၊ အဓိဋ္ဌာန်ပြုသူများဖြင့် နေ့စဉ်မပြတ် စည်ကားလျက်ရှိသည်။