ပုထိုးသားများဘုရား

Listing Description

ပုထိုးသားများဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံဒေသ၊ သဗ္ဗညုဘုရား၏ အနောက်ဘက်တွင် တည်ရှိသည့် ထုထည်ကြီးမားသော ဘုရားစေတီတစ်ဆူဖြစ်ပါသည်။ ပုထိုးသားများဘုရားမှာ ညောင်ဦးစောရဟန်းမင်း (ခေါ်) တောင်သူကြီးမင်းတည်သော ပုထိုးငါးလုံးတွင် ပါဝင်သည်ဟု အစဉ်အလာအားဖြင့် မှတ်ယူကြသော်လည်း ပညာရှင်များက ပုထိုးသားများဘုရား၏ ပုံသဏ္ဌာန်နှင့် နံရံဆေးရေးပန်းချီလက်ရာများကို ထောက်ဆ၍ စောလူမင်း သို့မဟုတ် ကျန်းစစ်သားမင်းလက်ထက်တွင် တည်ထားခဲ့သည်ဟု ဆိုကြပါသည်။ စေတီသည် ဉာဏ်တော် ၈၅ ပေ၊ ဖိနပ်တော်အကျယ်အဝန်း ၉၀ စတုန်ရန်းပေရှိပြီး အာရုံခံမှာ ၅၀ စတုရန်းပေးရှိပါသည်။ တိုက်မအထက် အလယ်ဗဟိုတွင် ပုထိုးတည်ထားလေသည်။ တည်ထားပုံမှာ မိုးလျှော၊ ပစ္စယာသုံးဆင့်၊ ထို့နောက် ဆယ့်နှစ်မြှောင့်ရှိ ခေါင်းလောင်းပုံ၊ ထိုနောက် ဓာတ်တော်တိုက်၊ ဖရုံတုံးခံပြီးလျှင် ဆယ့်နှစ်မြှောင်ရှိ ထီးရစ် (ဆတ္တဝလီ) ပေါက်ထားလေသည်။ ထိုအလယ်ပုထိုးကြီးအပြင် တိုက်မအထက်၌ ပုထိုးငယ်များလည်းရှိသည်။ ဤကဲ့သို့ ပုထိုးငယ်လေးများ စီတန်းနေခြင်းအားဖြင့် နှောင်းခေတ်လူများက ပုထိုးကြီး၏ သားများ၊ ပုထိုးသားများဟူ၍ ခေါ်တွင်ဟန်ရှိပါသည်။ စေတီတော်၏ အာရုံခံမြောက်ဘက် နံရံအတွင်းတွင် အပေါ်သို့တက်ရန် ကြောင်လိမ်လှေကားတစ်ခုရှိပြီး ၎င်းမှသွားလျှင် အပေါ်ထပ်တွင် စေတီရံ လိုဏ်ငယ်လေးများသို့ ရောက်ပါသည်။ အပေါ်ထပ်လိုဏ်ငယ်လေးများအတွင်းတွင် အုတ်အင်္ဂတေ ဆင်းတုများရှိပါသည်။ စေတီရံများအတွင်းနံရံများတွင် ဗုံတီးနေဟန်၊ ကနေဟန် နံရံဆေးရေးပန်းချီများ ရှိပါသည်။ မုခ်ကပ်အချိုင့်များတွင် မူလဆင်းတုတော်များ ရှိခဲ့သော်လည်း ယခုအခါ ၅ ဆူသာကျန်ပါတော့သည်။ ဂန္ဓကုဋိတိုက်အဝင် ဝဲယာရှိ မုခ်ကပ်အချိုင့်များအတွင်းတွင် အမြင့်ပေ ၃ ပေခန့်ရှိ ကျောက်ဆင်းတုနှစ်ဆူရှိပါသည်။ ဤပုထိုးသားများဘုရား၏ ထူခြားချက်မှာ အတွင်းတံကဲများတွင် တန်ဆာဆင်ထားသော အင်္ဂတေပန်းလက်ရာများမှာ အလွန်ကောင်းမွန်ပါသည်။