နန်းဖတ်ခုံစေတီတော်

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့၊ မွေတော်ရပ်ကွက်တွင် တည်ရှိသည်။ ရှေးအခါက နန်းဖတ်ခုံမင်းသမီး (မြန်မာဘာသာဖြင့် ဟင်းနုနွယ်မင်းသမီးဟုအဓိပ္ပာယ်ရ) က တည်ထားကိုးကွယ်ခဲ့သည်ဟုသိရပြီး နောက်ပိုင်းတွင် မောက်မယ်မြို့ကို ပထမဆုံးအုပ်ချုပ်သော စော်ဘွား စဝ်ဖလုံစိုင်းကျောက်(၁၁၆၁-၁၁၈၁)က မူလစေတီကိုငုံ၍ ထပ်မံတည်ထား ကိုးကွယ်ခဲ့ပါသည်။ စေတီတော် ပရိဝုဏ်အတွင်းတွင် မောက်မယ်မြို့ ငါးဆက်မြောက်စော်ဘွားဖြစ်သော စဝ်ဖလုံ ကိုးလန်စော်ဘွား (၁၂၀၆-၁၂၄၆) တည်ထားခဲ့သည့် နှစ်ကျိပ်ရှစ်ဆူဘုရားများကို ဖူးမြော်နိုင်ပြီး အလှူရှင်တစ်ဦးလှူဒါန်းသော သက္ကရာဇ် ၁၂၁၈ ခုနှစ် နေ့စွဲပါ ရှေးဟောင်းခေါင်းလောင်းကြီးကိုလည်း တွေ့မြင်နိုင်ပါသည်။ ကိုးလန်စော်ဘွားလက်ထက်တွင် မြန်မာပြည် ပြည်မနှင့်ကူးလူးဆက်ဆံမှုများရှိလာပြီး မြန်မာနိုင်ငံတွင် တည်ထားကိုးကွယ်သော နှစ်ကျိပ်ရှစ်ဆူဘုရားများ ပုံသဏ္ဌာန်အတိုင်း တည်ထားကိုးကွယ်ထားပါသည်။ နန်းဖတ်ခုံစေတီတော် ပရိဝုဏ်အတွင်း၌ ကြည်ညိုဖွယ်ရာ ရှေးဟောင်းဘုရားစေတီပေါင်း ၃၇ ဆူကို ဖူးမြော်နိုင်ပါသည်။