ပန်ဝါမြို့

Listing Description

ပန်ဝါမြို့သည် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ပါဝင်သော တရုတ်မြန်မာနယ်စပ်မြို့ ဖြစ်ပါသည်။ ဆောင်းတွင်းကာလတွင် ရေခဲများဖုံးလွှမ်းနေသည့် ပန်ဝါမြို့သည် မြစ်ကြီးနားမှ ၁၂၁ မိုင်၊ ချီဖွေမြို့မှ ၃၈ မိုင်ခန့်ကွာဝေးပြီး ကချင်တိုင်းရင်းသားအနွယ်ဝင် လော်ဝေါ်၊ လာချိတ်၊ ငေါ့ချန် နှင့် လီဆူးမျိုးနွယ်တို့ အများဆုံး နေထိုင်ပါသည်။ ဧရိယာစတုရန်းမိုင် ၁၃၅၅ မိုင်ကျယ်ဝန်းပြီး အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင်  ဝိုင်းမော်မြို့နယ်နှင့် တရုတ်နိုင်ငံ၊ အနောက်ဘက်နှင့် မြောက်ဘက်တွင် ချီဖွေမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါသည်။ မြင့်မားမတ်စောက်သည့် တောင်တန်းနှင့်တောင်စောင်းများ ဝန်းရံထားသောကြောင့် မြေပြန့်လွင်ပြင်နည်းပါးသည့် မြို့လေးဖြစ်ပါသည်။ ပန်ဝါသည် မြန်မာနိုင်ငံပိုင်နက်ဖြစ်သော်လည်း တရုတ်ငွေကြေးကိုသာအသုံးပြုပါသည်။ ပန်ဝါသို့သွားရောက်လိုလျင် မြန်မာပြည်တွင်းလမ်းနှင့် တရုတ်ဘက်မှဝင်သည့် လမ်းဟူ၍ နှစ်မျိုးရှိပြီး ခရီးသွားအများစုသည် မြန်မာပြည်တွင်းလမ်းမှာ လမ်းခရီးကြမ်းတမ်းလွန်းသည့်အတွက် တရုတ်ဘက်မှဝင်သည့်လမ်းကိုသာ အသုံးပြုများကြပါသည်။ ပန်ဝါမြို့သည် တစ်နှစ်ပတ်လုံး ချမ်းအေးသည့် ရာသီဥတုရှိခြင်းကြောင့် အမြင့်ဆုံးအပူချိန်မှာ ၁၈ ဒီဂရီဆဲလ်စီးယပ်သာ ရှိပါသည်။ ဆောင်းရာသီတွင် အအေးဒဏ်ကို ပိုမိုခံစားရပြီး အနိမ့်ဆုံး အပူချိန် ရေခဲမှတ်အောက် (-၂) ဒီဂရီဆဲလ်စီးယပ်ထိ ကျဆင်းကာ တစ်မြို့လုံး ရေခဲနေတတ်သည့် မြို့ဖြစ်ပါသည်။ ခရစ်ယာန်ဘုရားကျောင်းများ အများအပြားရှိပြီး ဗုဒ္ဓဘာသာ ဘုရားစေတီ နှစ်ဆူနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်းရှိပါသည်။ မြို့ပေါ် အမှတ်(၁)ရပ်ကွက်ရှိ ဇမ္ဗူငြိမ်းစေတီတော်၊ မြို့ဦးဘုန်းကြီးကျောင်းနှင့် စိန်ပေါလ်ကက်သလစ် ဘုရားကျောင်းတို့သည် ထင်ရှားသည့် နေရာများဖြစ်ပါသည်။ ရေခဲမြို့ (Frozen City) ဟုတင်စားခေါ်ဝေါ်ကြသည့် ပန်ဝါမြို့သည် နှစ်တိုင်း နှင်းကျပြီး နှင်းကျသော ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ အပန်းဖြေအလည်ပတ်သူများ များပြားလျက်ရှိကြောင်း သိရပါသည်။