ပန်ဝါမြို့ရှိ ရေခဲ ချောင်း၌ လာရောက်လည်ပတ်သူများပြား

Listing Description

ပန်ဝါ ဇန်နဝါရီ ၂၅

ကချင်ပြည်နယ် ပန်ဝါမြို့၌ ဆောင်း တွင်းကာလ၌ ရေခဲခြင်း၊ နှင်းမိုး ရွာသွန်းခြင်းတို့ကြောင့် မြန်မာ နိုင်ငံတွင် လူအများ စိတ်ဝင်စားသည့် ပန်ဝါမြို့ အမှတ်(၃) နယ်စပ် မှတ်တိုင် အနီးရှိ ရေခဲချောင်း၌ လာရောက် အပန်းဖြေသူ များပြားလျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၂၁ ရက်မှစ၍ နှင်းမိုး များ ရွာကျပြီးနောက် နှင်းခဲသည့် ရေခဲ ချောင်းသို့ လာရောက် လည်ပတ်သူများပြားလာပြီး အဆိုပါ လာရောက် လည်ပတ်သူများအနက် ဦးခေါင်လန်ဒီးက “ဒီတစ်ခါနဲ့ဆို လာလည်တာ နှစ်ခါရှိပြီ။ ရေခဲနေတာ တော်တော်များတော့ တော်ရုံနဲ့ အရည်ပျော်ဦးမှာ မဟုတ်ဘူး။ အခုက သူငယ်ချင်းတွေနဲ့လာတာ။ အလွန် ပျော်ပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ဦးပြည့်ဖြိုးပိုင်က “ကျွန်တော် ပန်ဝါရောက်တာ လေးနှစ်ရှိပြီ၊ ဒါပထမဆုံးအကြိမ် ရောက်တာပါ၊ တစ်နာရီနီးပါး ကားမောင်းရတယ်၊ ပြီးမှ ၁၀ မိနစ်လောက် လမ်းလျှောက်ရတယ်ဆိုပေမယ့် ရေခဲတွေ၊ နှင်းတွေအပေါ် မောင်းရလျှောက်ရတော့ တော်တော်ပျော်စရာကောင်းပါတယ်” ဟု ပြောသည်။

ပန်ဝါမြို့သည် နှစ်စဉ်နှစ်တိုင်း ဆောင်းတွင်းကာလများတွင် နှင်းမိုးများ ရွာသဖြင့် ရေခဲနှင်းများ ဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။

ရဲညွန့်(ပြန်/ဆက်)