နော်ဘူဘောဆုတောင်းတောင်

Listing Description

နော်ဘူဘောဆုတောင်းတောင်သည် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ ပယ်လယ်ရေပြင် အထက် အမြင့်ပေ ၄၈၂၄ ပေမြင့်သည့် ခရစ်ယာန်ဘာသာဝင်များ၏ ဝတ်ပြုဆုတောင်းတောင် ဖြစ်ပါသည်။ ခရစ်ယာန် ဆုတောင်းတောင်ဟုဆိုသော်လည်း ဘာသာရေး အကန့်အသတ် မရှိသောကြောင့် မည်သူမဆို လွတ်လပ်စွာ လာရောက်လေ့လာနိုင်ပါသည်။ တောင်ငူမှ သံတောင်ကြီး တောင်စခန်းမြို့သို့ မိုင် ၃၀ ခန့်ကွားဝေးပါသည်။ နော်ဘူဘော တောင်ခြေမှ တောင်ထိပ်သို့တက်ရန် လှေကားထစ်ပေါင်း ၃၄၇ ထစ်၊ အကျယ် ၆ ပေ၊ အရှည် ၅၆၀ ပေ ရှိပါသည်။ တောင်၏ အမည်မှာ ဒဏ္ဍာရီထဲမှ ကရင်တိုင်းရင်းသူ "နော်ဘူဘော" ဟု အမည်ကို အစွဲပြု၍ ခေါ်ရာမှ ဖြစ်ပေါ်လာပါသည်။ ၁၉၅၅ ခုနှစ်တွင် ဇိုင်းယာန်းနှစ်ခြင်းအသင်းတော် ဥက္ကဋ္ဌ ဆရာတော် ဦးစောနေဘလုက ဒဏ္ဍာရီလာမင်းသမီးနော်ဘူဘော အသတ်ခံခဲ့ရသည်ဟု ယူဆရသော တောင်ထွတ်ပေါ်တွင် ပေ၄၀ မြင့်သော သံလက်ဝါးကပ်တိုင်စိုက်ထူက ဆုတောင်းတောင်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ တောင်ပေါ်သို့ တက်သည့် လှေကားထစ်များအနီးတွင် ဆုတောင်းသည့် အခန်းငယ်များရှိပါသည်။ တောင်ထိပ်ပေါ်တွင် ကရင်တိုင်းရင်းသူလေး နော်ဘူဘော၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ နော်ဘူဘောအား တရားစီရင်ခဲ့သည့်နေရာ၊ နေဘူဘောရေချိုးဆိပ်စသည့် နေရာများကိုလည်း လေ့လာ ကြည့်ရှုနိုင်ပါသည်။