မြို့တော်ခန်းမ

Listing Description

မြို့တော်ခန်းမသည် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ မဟာဗန္ဓုလပန်းခြံနှင့် ဆူးလေဘုရားအနီးတွင် တည်ရှိသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရုံးစိုက်ရာနေရာလည်း ဖြစ်သည်။ ၁၉၂၅ မှ ၁၉၄၀ ခုနှစ်အတွင်း တဆင့်ပြီး တဆင့်ဆောက်လုပ်ခဲ့ရပြီး မြို့တော်ခန်းမသည် ဥရောပလက်ရာနှင့် မြန်မာ့ရိုးရာဗိသုကာ လက်ရာတို့ ကို ပေါင်းစပ်ထားသည့်ပုံစံ ထူးခြားသော ဗိသုကာ လက်ရာရှိသည်။ ထိုနေရာတွင် မြို့တော်ခန်းမ မတည်ဆောက်ခင်က ကပွဲခန်းမ တစ်ခုဖြစ်သည့် Rippon Hall တည်ရှိခဲ့ပြီး ၁၈၈၆ခုနှစ် တွင် မြူနီစပယ်ရုံး အဖြစ် ပြောင်းလဲခဲ့သည်။ မြို့တော်ပိုမိုဖွံဖြိုးလာသည်နှင့်အမျှ ၁၉၁၀ ပြည့်လွန်နှစ်များတွင် မြူနီစပယ်အဖွဲ့၏ လုပ်ငန်းဆောင်တာများသည် Rippon Hall နှင့် မလုံလောက်တော့ဘဲ မြို့တော်ခန်းမအသစ်တစ်ခုကို တည်ဆောက်ရန်ဖြစ်လာသည်။ သို့သော် ပထမကမ္ဘာစစ်ကြီးဖြစ်ပွားပြီး ငွေကြေးအခက်အခဲ များကြောင့် အဆိုပါအစီအစဉ်ကို ၁၉၂၅ ခုနှစ်အထိ အကောင်အထည်မဖော်နိုင်ခဲ့ချေ။ ပြန်လည်ကြိုးပမ်းသည့် အချိန်တွင်မူ အမျိုးသားရေး လှုပ်ရှားမှုများ ခိုင်မာအရှိန်ကောင်းနေပြီဖြစ်ရာ အဆောက်အအုံဒီဇိုင်းကို မြန်မာ့ရိုးရာအငွေ့အသက်များ ထည့်သွင်းရန် တောင်းဆိုမှုများရှိလာပြီး မြန်မာ့ခေတ်ပေါ် ဗိသုကာပညာရှင်တစ်ဦးဖြစ်သူ စည်သူဦးတင်က ယခင်ရှိပြီးဒီဇိုင်းကို ပြုပြင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ မြို့တော်ခန်းမသည် အဆိုပါ ပေါင်းစပ်ဗိသုကာလက်ရာကြောင့် ထူးခြားရုံမက ထင်ရှားသည့် သမိုင်းဖြစ်ရပ်များနှင့်လည်း ဆက်စပ်နေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးလူထုမိန့်ခွန်းကို လုပ်ကြံမခံရမီ ၆ ရက်အလိုတွင် ၁၉၄၇၊ ဇူလိုင် ၁၃ ရက်မြို့တော်ခန်းမ၏ လသာဆောင်၌ ကျင်းပခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း မြို့တော်ခန်းမသည် မြို့၏အကြီးဆုံးခန်းမဖြစ်ပြီး မင်္ဂလာဆောင်ပွဲများ၊ ဖျော်ဖြေပွဲများနှင့် အခြားအခမ်းအနားများကို ကျင်းပရန်လူကြိုက်များသည့်နေရာဖြစ်ခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင် အမျိုးသားစာကြည့်တိုက်ကို ဒုတိယထပ်တွင် ထားရှိခဲ့သည်။ ၂၀၁၄ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမကို ရှေးဟောင်းအမွေအနှစ်အဆောက်အအုံအဖြစ် ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(YHT) ၏ ပထမဆုံးသော အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့ပါသည်။