မွေတော်ပေါရာဏစေတီတော်

Listing Description

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ လဲချားမြို့၊ မြို့မအုပ်စု(ဟိုဖိုင်ရွာ)တွင် တည်ရှိသော ပေါရာဏစေတီတော်ကြီးသည် လဲချားမြို့၏ အထင်ကရ သမိုင်းဝင်မွေတော်စေတီတော်ကြီး ဖြစ်ပါသည်။ လဲချားမြို့ရှိ ကျယ်ဝန်းလှသော နောင်ခမ်းရေကန်ကြီး၏ ကမ်းနဖူးတွင် တည်ရှိသည်။ ကောဇာ သက္ကရာဇ် ၂၁၄ ခုနှစ်တွင်  သီရီဓမ္မာသောကမင်းကြီးက ဂေါတမမြတ်စွာဘုရား၏ ဓါတ်တော်၊ မွေတော်များဖြင့် ထည့်သွင်းဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ပြီး စော်ဘွားများ အဆက်ဆက်တွင် ဘက်စုံပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်း၊ အလှူရှင် ပြည်သူများနှင့်ပူးပေါင်း၍ အရံစေတီငယ်များ တည်ထား ကိုးကွယ်ခြင်းတို့အပြင်  အရှေ့ဖက်မုခ်တွင် ဓမ္မာရုံနှင့် တန်ဆောင်းကိုပါ ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။ တန်ဆောင်းအတွင်း စေတီတော်ကြီး၏ လိုဏ်အတွင်းတွင် ထင်းရှူးအဆီအနှစ်ဖြင့် ထုလုပ်ထားသော ထိုင်တော်မှုရွှေဆင်းတုကို ထည့်သွင်း၍ ပူဇော်ထားသည်။ ပေါရာဏစေတီတော်နှင့်ကပ်လျက် တောင်ဘက်တွင် ဆင်ခံစေတီတော် တစ်ဆူရှိပါသည်။ ဆင်ခံစေတီတော်ဟု ခေါ်တွင်ရခြင်းမှာ  ကောဇာသက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျနှင့် ရှမ်းပြည်နယ်အတွင်းရှိ စော်ဘွားများပူးပေါင်းလျက် ယိုးဒယားစစ်ပွဲ အောင်မြင် လာစဉ် ဆင် ၂၃ ကောင် နှင့် ပန်း ၁၀ မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်ကျွမ်းသူ ၂၄ ဦးပါလာခဲ့သည်ကို အစွဲပြုလျက် စေတီတော်မြတ်ကြီး၏ အောက်ခံခြေရင်းတွင် ဆင်ရုပ် ၂၃ ကောင်၊ ဗြဟ္မာရုပ် ၂၄ ရုပ်ပါပုံ သွင်းလျက် တည်ထားကိုကွယ်ခဲ့သည်ဟု သိရှိရပါသည်။