မင်းအောင် (၁၉၁၆-၁၉၉၆)

Listing Description

စာရေးဆရာမင်းအောင်ကို ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ဆန်ဆွဲရွာတွင် အဖ လယ်သမားကြီး ဦးစံပွင့်၊ အမိ ဒေါ်ငွေမ တို့က ၁၉၁၆ ခု ဇူလိုင် ၆ ရက်နေ့တွင် ဖွားမြင် ခဲ့သည်။ အမည်ရင်းမှာ သိန်းမောင် ဖြစ်၏။ ငယ်စဉ်က ရွာဘုန်းကြီးကျောင်းတွင် စာသင်ခဲ့သည်။ ၁၄ နှစ်သားတွင် ဆရာဘုန်းကြီးနှင့်အတူ ရန်ကုန်သို့ ရောက်လာခဲ့ရာမှ ရန်ကုန်တွင် သောင်တင်ခဲ့သည်။ တဆယ့်လေးငါးနှစ်သားတွင် ခေတ်ပညာ အင်္ဂလိပ်စာပေကို သင်ကြားလိုသော်လည်း ဆရာဘုန်းကြီးက ခွင့်မပြုသဖြင့် မသင်ယူခဲ့ရရှာပေ။ အသက် ၂၃ နှစ်တွင် သင်္ကန်းဆီးလျက် နေရင်း ဒေသသို့ ပြန်ခဲ့သည်။ လောကုတ္တရာစာပေများ သင်ယူလေ့လာခဲ့သည်။ အသက် ၂၆ နှစ်တွင် လူဝတ်လဲခဲ့သည်။

၁၇ နှစ်သားအရွယ် ရန်ကုန်မြို့တွင် ရှိစဉ်ကပင် ဝတ္ထုရှည်များ စမ်းသပ်ရေးသားကာ စာနယ်ဇင်းတိုက်များသို့ ပို့ခဲ့သည်။ တပုဒ်တလေမျှပင် ရွေးချယ်ခြင်း မခံခဲ့ရပေ။ လူဝတ်လဲပြီးနောက် ဝတ္ထုတိုရှည်များကို အပတ်တကုတ် အားထုတ် ကြိုးပမ်းရေးသားခဲ့သည်။ မင်းဆွေနှင့် ရဲထွတ်တို့မှာ စာပေလက်ဦးဆရာများ ဖြစ်ခဲ့ကြသည်။ ၁၉၄၅ တွင် ဂျစ်သခင် လုံးချင်းဝတ္ထုကို စတင်ထုတ်ဝေခဲ့သည်။ ထို့နောက် တခေတ်ပြောင်းပြီ၊ ငွေလူ့ပြည်၊ သား၊ လက်ဝဲဗိုလ်၊ ကျားမ၊ နှစ်ကိုယ့်တကိုယ်၊ ချစ်မြင်းမိုရ်၊ ချစ်သွေးနှစ်ဆက်၊ ရူပါ စသည်ဖြင့် ဒိန်းဒိုင်း ဇာတ်ကြမ်းများကို ရေးခဲ့သည်။

၁၉၄၈ တွင် ရဲထွတ်၏ တာဝန်ပေးချက်အရ မိုးအောက်မြေပြင်ကို ရေးခဲ့သည်။ ရဲထွတ်နှင့် ဗမာ့တက်လမ်း ပုံနှိပ်တိုက် ပိုင်ရှင် ဦးအောင်ရှိန်တို့ ပူးတွဲပိုင်သည့် ထူထောင်ရေး စာအုပ်တိုက်က ၁၉၄၈ ခု ဖေဖော်ဝါရီလတွင် ပထမအကြိမ် ထုတ်ဝေခဲ့သည်။ ဈေးကွက်တွင် မစွံခဲ့ချေ။ သို့ရာတွင် ပထမဆုံးအကြိမ်အဖြစ် ပေးအပ်ချီးမြှင့် ခဲ့သည့် ၁၉၄၈ ခုနှစ် စာပေဗိမာန် ကာလပေါ် ဝတ္ထုဆုကို ရရှိလိုက်သည်နှင့် တပြိုင်နက် တစ်ဆယ့်ရှစ်ရက်အတွင်း သုံးကြိမ်တိုင်တိုင် ရိုက်နှိပ်ရသော စံချိန်ကိုရရှိ ခဲ့သည်။ တဖန် ရုပ်ရှင်အဖြစ် ကူးပြောင်းရာတွင် ကိုယ်တိုင်သရုပ်ဆောင်တဦးအဖြစ် ပါဝင်ခဲ့သည်။ ဤသို့ဖြင့် ရုပ်ရှင်လောကတွင် သရုပ်ဆောင်၊ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ စသည်ဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။

စာပေလောကတွင်လည်း ရှုမဝ၊ သွေးသောက်၊ မြဝတီ၊ ငွေတာရီ၊ ဆန်းသစ်ဦး၊ ကလောင်စုံ၊ လင်းယုန်ဂျာနယ်၊ တိုင်းရင်းမေဂျာနယ်၊ ပြည်သူ့ဂျာနယ်၊ ပြည်တော်စိုး ဂျာနယ် အစရှိသော စာနယ်ဇင်းများတွင် ဝတ္ထုတိုရှည် ဆောင်းပါးများစွာ ရေးခဲ့သည်။ မြန်မာနိုင်ငံ စာရေးဆရာအသင်းတွင် အမှုဆောင်တဦး ဖြစ်ခဲ့သည်။ 'ဝနေ' ဟူသော ကလောင်အမည်ကိုလည်း သုံးခဲ့သည်။ ဥတုသုံးလီ (၁၉၅ဝ)၊ စာရေးဆရာ (၁၉၅၇)၊ ဘုံလယ်မြေ (၁၉၆၄)၊ အငုံ (၁၉၆၅) တို့မှာ ထင်ရှားသည်။ အငုံ ကို ပန်ချင်သူ ပျို့ချစ်ဦးရယ် အမည်ဖြင့် ရုပ်ရှင် ရိုက်ခဲ့သည်။

၁၉၉၆ ခု ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန် ခဲ့သည်။