သမ္ဘူလဘုရား

Listing Description

သမ္ဘူလဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မင်းနန်သူရွာအနီး၊ ဘုရားသုံးဆူ၏ အရှေ့မြောက်ဘက်ကပ်လျက်တွင် တည်ရှိပါသည်။ ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူဘုရားဖြစ်ပြီး ၁၂၅၆ ခုနှစ်တွင် ကျစွာမင်း၏ သမီးတော် ဥဇနာမင်း၏ ပယ်မိယားတိလောက စန္ဒြနာ မဟာဒေဝီ (သုံးလူလ) မိဖုရား တည်ထားခဲ့ပါသည်။ သုံးလူလ မိဖုရားအား အစွဲပြု၍ သုံးလူလဘုရားဟု ခေါ်ဆိုကြသော်လည်း ၁၂၈၂ ခုနှစ်တွင် ရေးထိုးခဲ့သည့် နံရံမင်စာ၌ "သမ္ဘူလ"ဟု ရေးထိုးခဲ့ရာမှ သမ္ဘူလဘုရားဟု ခေါ်ဆိုလာကြပါသည်။ သမ္ဘူလဘုရားတွင် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေပန်းတော့လက်ရာများရှိသည်။ အဝင်ခန်းမ၏ ပေါင်းကူး မျက်နှာကြက်တွင် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားပုံ အတန်း၊ နံရံတွင် သစ်ရွက်ပုံပန်းတန်း၊ အရိမေတ္တယျ ဘုရားနှင့် သက်ဆိုင်သော နံရံပန်းချီများနှင့် ပါဠိကမ္ပည်းစာများ၊ လက်ရေးလှ စာလုံးများ ရှိသည်။ အာရုံခံ ခန်းမများရှိ ပေါင်းကူး မျက်နှာကြက်တွင် ပန်းခက် ပန်းနွယ်ပုံများ၊ နံရံတွင် ဗုဒ္ဓဝင် နံရံဆေးရေး ပန်းချီများ၊ စင်္ကြံ ပေါင်းကူး မျက်နှာကြက်တွင် ထောင့်ဘောင်တန်းများ၊ စက်ဝိုင်းအတွင်း ဗုဒ္ဓရုပ်ပွားပုံများ ပါရှိသည့် ပန်းကွက်အလှများ၊ စင်္ကြံနံရံတွင် သစ်ရွက်ပန်းတန်းများ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပုံများ၊ လေးထောင့်ကွက်အတွင်းမှ ဗုဒ္ဓရုပ်ပွားတော်ပုံများနှင့် အလယ်မဏ္ဍိုင်လေးမျက်နှာ ဗုဒ္ဓရုပ်ပွား ဆင်းတုများ၏ အနောက်နံရံတွင် ဗောဓိညောင်ပင်ပုံများကို လေ့လာနိုင်ပါသည်။ အရှေ့အဝင်မုခ်တံကဲမှ အင်္ဂတေ ပန်းတော့လက်ရာများ၊ တိုင်ဖုံးပန်းများ၊ ဘုရားအပြင် ပတ်လည်ရှိ ဘီလူးပန်းဆွဲ၊ မကာရ်း၊ ကိန္နရာ၊ မနုဟီဟ၊ ခြင်္သေ့၊ ရာမလက်ညှိုးနှင့် စိုင်ပေါင်များ ကနုတ်ပန်းများကို လေ့လာနိုင်သည်။ ဂူအတွင်းအခြားနံရံများ၌လည်း စရိယပိဋကတ်ဆိုင်ရာ ပါဠိစာသားများနှင့် ဗုဒ္ဓဝင်ဆိုင်ရာ မြန်မာဘာသာစာတမ်းများကို ဖတ်ရှုလေ့လာနိုင်ပါသည်။ နံရံဆေးရေးမင်စာ အများအပြားရှိသဖြင့် ပုဂံခေတ် ပါဠိစာ‌ပေများသိုမှီးရာ ပိဋကတ်တိုက်ဟုလည်း မှတ်ယူကြပါသည်။