အာနန္ဒာအုတ်ကျောင်း

Listing Description

အာနန္ဒာအုတ်ကျောင်းသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ၊ အာနန္ဒာဘုရား၏ မြောက်ဘက်ကပ်လျက်၊ နန္ဒာဘုန်းကြီးကျောင်းတိုက်အတွင်း တည်ရှိပါသည်။ ထိုအုတ်ကျောင်းကြီးအား ကုန်းဘောင်ခေတ်ဦးတွင် ပုဂံမော်ကွန်းထိန်း ဥတ္တနရာဇာမထေရ်က ၁၇၈၅ ခု၊ ဇွန် ၂၁ တွင် ပစ္စည်းဖိုးငွေ ၂၁၅၀ ကျပ်၊ လက်ခ ၁၈၀၀ ကျပ်၊ ပေါင်း ၃၉၅၀ ကျပ် အကုန်အကျခံ၍ ရွှေဘိုမှ ပန်းရံဆရာ ဦးရွှေရ တာဝန်ယူတည်ဆောက်ခဲ့ပါသည်။ အုတ်ကျောင်းကြီး တည်ဆောက်ပြီးသောအခါ ရေမြိုင်ရွာဇာတိ အရှင်သုဓမ္မာလင်္ကာရကို ကျောင်အပ်တင်လှူခဲ့ကြောင်း အုတ်ကျောင်းနံရံတွင် မင်စာရေးမှတ်တမ်းပြုထားသည်။ အုတ်ကျောင်းကြီး၏ အလယ်မှာ ဘုရားခန်းထားရှိပြီး အတွင်းပတ်လမ်းမှာ ပြတင်းမုခ်များ၊ အဝင်မုခ်များဖြင့် မြောက်ဘက်မျက်နှာလှည့်၍ အုတ်လှေကားနှစ်စင်း၊ တောင်ဘက်တွင် အုတ်လှေကားတစ်စင်း တပ်ဆင်ထားသည်။ အပြင်ပတ်ပတ်လည်မှ ၇ ပေခန့်အမြင့်ရှိ စင်္ကြံပတ်လမ်းနှင့် အုတ်လက်ရန်း ဝရန်တာပါရှိသည်။ အုတ်ကျောင်းအတွင်းနံရံလေးဘက်နှင့် မျက်နှာကြက်အမိုးပြည့် နံရံဆေးရေးပန်းချီလက်ရာဖြင့် မွမ်းမံခြယ်သထားသည်ကို လေ့လာနိုင်ပါသည်။