အတွင်းစည်းခုံဘုရား

Listing Description

အတွင်းစည်းခုံဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ရိုးအတွင်း နန်းတော်အနီး၌ တည်ရှိသဖြင့် အတွင်းစည်းခုံဘုရားဟူ၍ ခေါ်တွင်လာဟန်ရှိပါသည်။ ညောင်ဦးရွှေစည်းခုံမှာ အရှေ့မြောက်အရပ်တွင် တည်ရှိပါသည်။ အတွင်းစည်းခုံဘုရားသည် နှစ်ထပ်စေတီ ဖြစ်ပါသည်။ အတွင်းစေတီကို ကွမ်းဆော်ကြောင်ဖြူမင်း တည်ထားခဲ့သည်ဟုဆိုပြီး အပြင်စေတီကို ကျန်စစ်သားမင်းက ထပ်မံငုံ၍ တည်ထားခဲ့သည်ဟု သိရပါသည်။ အတွင်းစည်းခုံဘုရားနေရာတွင် လွန်ခဲ့သောဘဝက ရှင်အရဟံ၊ မင်းမဟာဂီရိ၊ ကျန်စစ်သား၊ အလောင်းစည်သူ၊ ရခိုင်ဘုရင်သက်မင်းကတုံတို့သည် တစ်ဦးဒုက္ခရောက်လျှင် တစ်ဦးက ပြန်လည်ကူညီကြရန် သစ္စာဆိုခဲ့သော နေရာဖြစ်သည်ဟု အစဉ်အလာပြောဆိုမှတ်သားလာခဲ့ကြပါသည်။ အတွင်းစည်းခုံဘုရားမှာ အောက်ခံလေးထောင့်အုတ်ခုံခံ မြေစိုက်စေတီဖြစ်ပြီး မြောက်ဘက်ပစ္စယာတွင် မြို့လယ် စန္ဒီနတ်နန်းရှိကာ ယင်းနတ်နန်းအနီးတွင် သစ်သားရုပ် နတ်ညီနောင်ပုံတော်နှစ်ခုရှိပါသည်။ ဘုရား တံတိုင်းဝင်းအတွင်း၌ တောင်ဘက်တွင် စေတီနှစ်ဆူ၊ အရှေ့ဘက်တွင် မျက်တော်ပြေဘုရား၊ မြောက်ဘက်တွင် ဗုဒ္ဓရုပ်ပွားကျောက်သားဆင်းတုတော်ကြီးနှင့် အုတ်ကျောင်းပျက်တစ်ဆူ ရှိပါသည်။