လောကနန္ဒာစေတီ

Listing Description

လောကနန္ဒာစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ သီရိပစ္စယာရွာအနီး ဧရာဝတီမြစ်ကမ်းဘေး ကုန်းမြင့်အထက်တွင် တည်ရှိပါသည်။ ပုဂံဒေသ၏ ထောင့်လေးထောင့်တွင် စွယ်တော်မြတ်လေးဆူတည်ရှိသည့်အနက် အနောက်တောင်ထောင့်တွင်ရှိသော တတိယမြောက် စွယ်တော်မြတ်စေတီတော် ဖြစ်ပါသည်။ အနော်ရထာမင်းသည် အေဒီ ၁၀၅၉ ခုနှစ်တွင် သီဟိုဠ်မှရရှိသော ဗုဒ္ဓစွယ်တော်မြတ်ကို ဆင်ဖြူယာဉ်သာပေါ်သို့တင်၍ အဓိဌာန်ပြုပြီး စေလွှတ်လိုက်သောအခါ ဆင်ဖြူတော်ဝပ်သော ဧရာဝတီမြစ်ကမ်းနံဘေးရှိ ကုန်းမြင့်ပေါ်တွင် လောကနန္ဒာစေတီတော်မြတ်ကို တည်ထားခဲ့သည်ဟု ဆိုကြပါသည်။ စေတီတော်၏ ဗိသုကာပုံသဏ္ဌာန်မှာ ပျူနှင့် မြန်မာ အကူးအပြောင်းကာလတွင် တည်ထားသောပုံစံဖြစ်၍ ခေါင်းလောင်းပုံအထက်တွင် ကြာမှောက်ကြာလန်၊ ဘီလူးပန်းဆွဲ၊ သီရိဝစ္ဆ စသည့် အဆင်တန်ဆာများမပါရှိဘဲ စင်းလုံးချော လုံးပတ်သဏ္ဌာန် ခေါင်းလောင်းပုံသာ တည်ဆောက်ထားပါသည်။ ဖောင်းရစ်များမှာလည်း ဆတ္တဝလီ ထီးဆင့်များကို ထီးရွက်အတိုင်း ခုံးလျှောတစ်လှည့် အဖောင်းတစ်လှည့်ဖြင့် အခြားစေတီတော်များနှင့်မတူ တစ်မူထူးခြားပြီး ခါးပတ်ဖောင်းရစ်တွင်လည်း မှန်ကူကွက်သဏ္ဌာန် ပန်းခက်ကြီးများကို ဖောင်းကြွထွင်းထုထားပါသည်။ လောကနန္ဒာစေတီတော်သည် ရှေးဟောင်း စေတီတစ်ဆူဖြစ်သော်လည်း ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့သဖြင့် စေတီအသစ်ကဲ့သို့ ဖြစ်နေပြီး စေတီတော်၏ အရှေ့ဘက်တန်ဆောင်းအတွင်းတွင် သဲကျောက်အမာစားတစ်တုံးတည်းကို ထွင်းထုထားသော အမြင့် ၆ ပေခန့်ရှိ ဈာနမုဒြာဟန် ဆင်းတုတော် တစ်ဆူကို ဖူးမြော်နိုင်ပါသည်။