မီးငြိမ်းကုန်းဘုရား

Listing Description

မီးငြိမ်းကုန်းဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ အနော်ရထာလမ်းမကြီးဘေး၊ မြင်းပြဂူဘုရားနှင့် တဝဂူဘုရား၏မြောက်ဘက်အနီးတွင် တည်ရှိပါသည်။ မီးငြိမ်းကုန်းဘုရားသည် ပုဂံရာဇဝင်တွင် နရသီဟပတေ့မင်း၏မိဖုရားငယ်စောလုံနှင့် ဆက်စပ်ပြောဆိုကြသော ဘုရားဖြစ်ပါသည်။ နရသီဟပတေ့မင်းကြီး၏ မိဖုရားများ၊ မောင်းမငယ်များ၊ အပျိုတော်များ ဧရာဝတီမြစ်ဆိပ်၌ ရေကစားသဘင်ဆင်နွဲကြရာ နရသီဟပတေ့မင်းက မိဖုရားငယ်စောလုံအား ရံရွှေတော်တစ်ယောက်ဖြင့် စောလုံမိဖုရားငယ်အား ရေမွန်းအောင်လောင်းစေ၍ စနောက်ကြည်စယ်ခဲ့သည်။ မိဖုရားငယ်စောလုံသည် လူအများအလယ်တွင် ရှက်စိတ်မွှန်ကာ မင်းကြီးအပေါ်စိတ်ကွက်ပြီး မင်းကြီး၏ပွဲတော်စာတွင် အဆိပ်ခတ်လုပ်ကြံရာ မအောင်မြင်ဘဲ မင်းကြီးက မိဖုရားငယ်စောလုံအား မီးသံကြပ်စင်ပေါ်တင်ကာ ဖိုကျင်ထိုးသတ်ရန် အမိန့်ချကွပ်မျက်စေသည်။ ထိုသို့ကွပ်မျက်ရာတွင် မိဖုရားစောလုံအဓိဋ္ဌာန်ကြောင့် မီးသံကြပ်စင်နှစ်ခါငြိမ်းပြီး သုံးကြိမ်မြောက်တွင် မိဖုရားစောလုံသည်မာန်ကိုချ၍ ပြစ်ဒဏ်ခံယူသွားခဲ့ပါသည်။ မိဖုရားငယ်စောလုံအား ဖိုကျင်ထိုးသတ်ခဲ့သည့် ကုန်းပေါ်တွင် ယခင်ကပင် ဘွဲ့အမည်မသိ အေဒီ ၁၂ ရာစု တစ်ထပ်ဂူဘုရားတစ်ဆူရှိနေပြီး မိဖုရားငယ်စောလုံအား မီးသံကြပ်စင်ပေါ် ဖိုကျင်ထိုးသတ်သောအခါမှ မီးနှစ်ခါငြိမ်းသည်ကို အစွဲပြု၍ ထိုဘုရားကြီးကိုလည်း မီးငြိမ်းကုန်းဘုရားဘွဲ့အမည်ဖြင့် ခေါ်ဝေါ်ခဲ့ကြသည်ဟု သိရပါသည်။ မီးငြိမ်းကုန်းဘုရားကြီးသည် တိုက်မပေါ်တွင် ပစ္စယာသုံးဆင့်နှင့် ကွမ်းတောင်ပေါက် အရှေ့ဘက်လှည့်ဂူဘုရားတစ်ဆူဖြစ်ပါသည်။ပင်မခန်းမဆောင်အတွင်းဘက်တွင် ကြီးမားသော ရုပ်ပွားဆင်းတုတော်ကြီးတစ်ဆူ တည်ရှိပြီး လိုဏ်ဂူအကွေ့ပတ်လမ်းနှင့် ဝင်ပေါက်များလည်းရှိပါသည်။ ဂူဘုရား၏ နံရံများပတ်လည်နှင့် မျက်နှာကျက်များကို ပန်းပွင့်ပုံစံ ဆေးရေးပန်းချီများဖြင့် တန်ဆာဆင်ထားပါသည်။ လိုဏ်ဂူအတွင်းဖြတ်ကူးလမ်းအမိုးပေါ်တွင် အေဒီ ၁၂ ရာစုနှစ်ခန့်က မင်စာများရေးဆွဲထားသည်ကို တွေ့မြင်နိုင်ပါသည်။