ကျွန်းစုမြို့နယ်၌ မဲဆန္ဒရှင်များက စိတ်အားထက်သန်စွာဖြင့် ဆန္ဒမဲလာရောက်ပေး

Listing Description

ကျွန်းစု နိုဝင်ဘာ ၈

ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပသည့် ယနေ့ တွင် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစု မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ များရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများ စိတ်အားထက်သန်စွာဖြင့် ဆန္ဒမဲပေးကြသည်။

မဲရုံစတင်ဖွင့်လှစ် မဲရုံအသီးသီး၏ သက်ဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပါတီ ကိုယ်စားလှယ်များ၊ လေ့လာစောင့် ကြည့်သူများနှင့် အသိသက်သေများ ရှေ့မှောက်တွင် မဲပုံးပိတ်ခြင်း၊ မဲပုံးလုံ ခြုံရေးကြိုးတပ်ဆင်ခြင်းများ ဆောင်ရွက် ခဲ့ကြကာ နံနက် ၆ နာရီတွင် မဲရုံမှူးက မဲရုံစတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။

ထိုနောက် ပြည်သူများလာရောက်မဲပေးရာတွင် ကိုဗစ်- ၁၉ ကူးစက်မှု မရှိစေရေးအတွက် လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ တန်းစီစေခြင်းစသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ အတိုင်း မဲဆန္ဒရှင်ပြည်သူများက စနစ်တကျ တန်းစီစနစ်ဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်း၊ ကျွန်းစုမြို့နယ်တွင် ရပ်ကွက်လေးရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စုရှိပြီး မဲရုံ စုစုပေါင်း ၁၆၃ ရုံရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)