ဒေါင်းနွယ်ဆွေ (၁၉၃၁ - ၁၉၈၅)

Listing Description

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့၌ အဖ ရာဇဝတ်ဝန်ထောက် ဦးဘထိန်၊ အမိ ဒေါ်ဖုန်ရိန် တို့က ၁၉၃၁ ခု ဇန်နဝါရီ ၁၆ (အုတ်ဂူကမ္ပည်းစာ ဓာတ်ပုံတွင်မူ ၂၄ - ၁ - ၃၂ ဟု ဖော်ပြထားသည်) ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်တွင် အကြီးဆုံး ဖြစ်သည်။ အမည်ရင်း 'မောင်အောင်သာ'၊ နောင်တွင် 'မောင်အောင်ဆွေ' ဟု အမည် ပြောင်းခဲ့သည်။ ငါးသိုင်းချောင်းမြို့ အမျိုးသားကျောင်း (၁၉၄ဝ - ၄၂)၊ ရန်ကုန် ဗဟိုအစိုးရ အထက်တန်းကျောင်း (၁၉၄၆ - ၄၇)၊ ရန်ကုန် ပြည်သူ့ သိပ္ပံ အလွတ် ပညာသင်ကျောင်း (၁၉၄၇ - ၄၈)၊ ရန်ကုန် ရေကျော် မက်သဒစ်ကျောင်း (၁၉၄၉ - ၅ဝ) တို့တွင် တက္ကသိုလ် ဝင်တန်း အထိ ပညာ သင်ယူ ခဲ့သည်။ စီးပွားရေး သတင်းစာ ဘာသာပြန် အယ်ဒီတာ (၁၉၅ဝ - ၅၁)၊ ကလောင်သစ် မဂ္ဂဇင်း၊ စာပေသစ် မဂ္ဂဇင်း၊ သွေးသောက် မဂ္ဂဇင်း တို့၌ အယ်ဒီတာ (၁၉၅၂)၊ တိုင်းရင်းမေ ဂျာနယ် အယ်ဒီတာ (၁၉၅၃ - ၆၁)၊ အလွတ် ပညာသင် ကျောင်းဆရာ (၁၉၆၁ - ၆၃)၊ ဖြူနီညိုပြာ မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ (၁၉၆၉)၊ အိုးဝေ ဂျာနယ် အုပ်ချုပ်မှု အယ်ဒီတာ (၁၉၆၉ - ၇၂) အဖြစ် ဆောင်ရွက် ခဲ့သည်။ 'ပြည်ဟိန်းကျော်' အမည်ဖြင့် လက္ခဏာ၊ ဗေဒင် ဟောပြော ခဲ့သည်။

၁၉၄၉ မှစ၍ ကျောင်းသား လှုပ်ရှားမှုများနှင့် စာရေးသပိတ်ကာလ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ဗဟိုအစိုးရ အထက်တန်းကျောင်းနှင့် ပြည်သူ့ သိပ္ပံ အလွတ် ပညာသင် ကျောင်းတို့တွင် ကျောင်းသား သမဂ္ဂ များ၌ သာမန် အမှုဆောင်နှင့် ဒုတိယ ဥက္ကဋ္ဌ တာဝန်များ ယူခဲ့သည်။ ကလောင်သစ် အဖွဲ့ တည်ထောင် သူများတွင် တဦး (၁၉၅၂)၊ မြန်မာ နိုင်ငံ စာရေးဆရာ အသင်း အမှုဆောင် (၁၉၅၂ - ၆၃)၊ မြန်မာနိုင်ငံ ကဗျာဆရာ အသင်းချုပ်၏ ဥက္ကဋ္ဌ (၁၉၅၆ - ၆၂)၊ ပြည်သူ့ ကဗျာ အသင်း ဥက္ကဋ္ဌ (၁၉၆၂) တာဝန်များကို ယူခဲ့သည်။ ၁၉၅၈ တွင် ဆိုဗီယက် ယူနီယံသို့ သွားရောက် ခဲ့ပြီး တပ်ရှကင့် မြို့၌ ကျင်းပသော အာရှ အာဖရိက စာရေး ဆရာများ ညီလာခံသို့ မြန်မာနိုင်ငံ ကဗျာဆရာ အသင်း ကိုယ်စားလှယ် အဖြစ် တက်ရောက် ခဲ့သည်။ ရှုမဝ ရုပ်ရှင် ရွှေရင်သိမ်းသစ်၊ လုလင်ငယ်သွေး၊ အပယ်ရတနာ၊ ချွေးကလေး စိုစို၊ လူမနှော၊ စကြဝဠာ ရုပ်ရှင်မှ ဇာခန်းဆီး နောက်ကွယ်မှာ ဇာတ်ကားများတွင် ဇာတ်ပို့ သရုပ်ဆောင် တစ်ဦး အဖြစ် ပါဝင် ခဲ့သည်။

၁၉၆၄ ခု ဗဟို အစိုးရ အထက်တန်း ကျောင်းသား ဘဝ ကပင် ကျောင်းနံရံကပ် စာစောင်၌ "ဒေါင်ဒင်" အမည်ဖြင့် ကဗျာ စရေး ခဲ့သည်။ ၁၉၄၈ တွင် ဟံသာဝတီ သတင်းစာနှင့် အိုးဝေ သတင်းစာ တို့၌ 'ဒေါင်းနွယ်ဆွေ' အမည်ဖြင့် ကဗျာများ စတင် ရေးသား ခဲ့သည်။ 'စနေမောင်ပွေ'၊ 'ဒေါင့်ဒဲတွန့်'၊ 'လေဥဒေါင်း' ကလောင် အမည်များ ဖြင့်လည်း ဟာသများ ရေးခဲ့၏။ တိုင်းရင်း မေဂျာနယ်တွင် 'ဇင်ဦး' ကလောင် အမည်ဖြင့် ကဗျာများ ရေးသား ခဲ့သည်။ ကဗျာ များစွာ အပြင် ကဗျာရှည်ကြီးများ၊ ကဗျာ ဝတ္ထုများ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ လုံးချင်း ဝတ္ထု (အချစ်၊ အလွမ်း၊ စွန့်စားခန်း၊ သည်းထိတ်ဖို) များနှင့် စာပေ ကဗျာ ဝေဖန်ရေး ဆောင်းပါးများ၊ ရုပ်ရှင် ဇာတ်ညွှန်းများ စသည် ရေးခဲ့သည်။ ကဗျာ့ ပုလဲကုံး (၁၉၅၉)၊ ပုလဲပန်း၊ လောကမျက်ကန်း၊ လောကသစ္စာကို ရှာဖွေခြင်း၊ ကလျာမိမိမုန်း (၁၉၆ဝ)၊ မိုးသောက် လင်္ကာပန်း (၁၉၆၆)၊ ချစ်သူ့မျက်နှာ ကဗျာစက်ဝိုင်း (၁၉၆၆) စသည့် ကဗျာ လုံးချင်း များနှင့် သင် ဘာကဗျာ ရေးမည်နည်း ကဗျာ သဘော တရား စာအုပ်မှာ ထင်ရှားသည်။ ထို့ပြင် ဝင်္ကပါ ကဗျာလမ်း အမည်ရှိ ခရီးသွား မှတ်တမ်း စာအုပ်၊ မိုးဆန်သော မိုး၊ အသည်းနှင့် ထပ်တူ၊ ကဗျာလွတ် အနမ်း၊ မလွမ်းသာ ကြမ္မာနှောင်း စသော ဝတ္ထုရှည် ကြီးများနှင့် လမင်းကို သက်သေတိုင်၊ မဟာရန်သူတော် စသော ဝတ္ထုတို ပေါင်းချုပ် စာအုပ်များ ကိုလည်း ရေးသား ထုတ်ဝေ ခဲ့သည်။

၁၉၈၅ ခု မတ်လ ၂၂ ရက်နံနက် ၂ နာရီတွင် ရန်ကုန်မြို့၌ ကွယ်လွန် ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်မြင့် (စာရေး ဆရာမကြီး တိုင်းရင်းမေ မမြင့်နွယ်) နှင့် အတူ သားသမီး ငါးယောက် ကျန်ရစ် ခဲ့သည်။