ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်

Listing Description

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သည် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်းတွင် တည်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မိဘများဖြစ်သော ဦးဖာနှင့် ဒေါ်စုတို့လက်ထက်ကတည်းက ဆောက်လုပ်နေထိုင်ခဲ့သော အိမ် ဖြစ်သည်။ အဆိုပါနေအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၁၅ ခုနှစ်မှ ၁၉၂၉ ခုနှစ်အထိ နေထိုင်ခဲ့သည်။ ဗိုလ်ချုပ် ၏ဖခင်ဖြစ်သူ ဦးဖာ ကွယ်လွန်ပြီးနောက် ဗိုလ်ချုပ်၏ အစ်ကိုဖြစ်သူ ဦးနေအောင်က မိခင်ဖြစ်သူ ဒေါ်စုနှင့်အတူ ဆက်လက်နေထိုင်ခဲ့သည်။၁၉၇၀ပြည့်နှစ် တွင် ဦးနေအောင် ကွယ်လွန်ပြီးနောက် ၎င်း၏သားဖြစ်သူ ဦးအောင်မြင့်သိန်းက ဆက်လက်နေထိုင်ခဲ့ကာ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် နိုင်ငံတော်သို့ လှူဒါန်းခဲ့သည်။ ယဉ်ကျေးမှု ဝန်ကြီးဌာနက လက်ခံပြီး ထိန်းသိမ်း စောင့်ရှောက်မှုများ ပြုလုပ်နေစဉ်အတွင်း ၁၉၇၄ ခုနှစ်တွင် အဆိုပါဗိုလ်ချုပ်နေအိမ်ရှိသော အောင်ဆန်းရပ်ကွက် မီးလောင်မှုတွင် ဗိုလ်ချုပ်နေအိမ်လည်း မီးလောင်ခံလိုက်ရသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဗိုလ်ချုပ်နေအိမ်ကို မူရင်းပုံစံအတိုင်း ပြန်လည်တည်ဆောက်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပြန်လည်အပ်နှံခဲ့သည်။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းပြီး ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်အဖြစ် ပြသထားခဲ့ခြင်း ဖြစ်သည်။