ပင်းမြို့ဟောင်း

Listing Description

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် တည်ရှိသည်။ သမိုင်းဝင် ရှင်အရဟံမဟာဗောဓိရွှေညောင်တော်၊ အောင်သပြေညီနောင်၊ အောင်သပြေဆင်းတုတော်၊ သစ္စာမဏ္ဍိုင်စေတီတော်တို့တည်ရှိသည်။ တကောင်းပြည်ကို အစိုးရသော သတိုးဓမ္မရာဇာမင်းသည် ဆရာဂါဒံရသေ့နှင့်တိုင်ပင်၍ သက္ကရာဇ် ၂ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ကြာသပတေးနေ့တွင် နယ်လေးရပ်သတ်မှတ်၍ “ရွှေပင်းမြို့”ဟု သမုတ်ခဲ့ကြောင်း ဗုဒ္ဓေါဝါဒီပနီကျမ်းအရ သိမှတ်ရပါသည်။ သာသနာတော်နှစ် ၆၅ ခုနှစ်တွင် သစ္စာဝရမင်း၊ သာသနာတော်နှစ် ၇၈ ခုနှစ်၌ ညီတော်သစ္စာဇေယျမင်း၊ သာသနာတော်နှစ် ၁၀၀ ပြည့်နှစ်တွင် ကဒူးညီနောင်မှနောင်တော်ကြီး၊ သာသနာတော်နှစ် ၁၂၃ ခုနှစ်တွင် ကဒူးညီတော်မင်းတရား၊ သာသနာတော်နှစ် ၁၃၈ ခုနှစ်တွင် ဗိဿနိုးမင်းသမီးလက်အောက်သို့ ကျရောက်သွားခဲ့ခြင်းဖြင့် မင်းဆက်(၅)ဆက် စိုးစံခဲ့သည်ဟု သိရသည်။ ရှင်အရဟံ မဟာဗောဓိရွှေညောင်ပင်၏ ညောင်ရေသွန်းပွဲကို နှစ်စဉ်ကဆုန်လပြည့်နေ့တိုင်း စည်ကားစွာ ကျင်းပပါသည်။