အင်္ဂပူမြို့နယ် နန်ကသူရေလှောင်တမံမှ နွေစပါး ၅၇၄၅ ဧကအား စိုက်ပျိုးရေပေးဝေလျက်ရှိ

Listing Description

အင်္ဂပူ ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်အတွင်းရှိ နန်ကသူရေလှောင်တမံမှ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၄ အုပ်စုမှ‌ နွေစပါး ၅၇၄၅ ဧကအား စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေလျက်ရှိ ကြောင်း သိရသည်။

ယခုနှစ်တွင် နန်ကသူရေလှောင်တမံ ရေလှောင်ပမာဏ ဧကပေ ၄၀၀၀၀ သိုလှောင် ထားရှိပြီး အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၁၄ အုပ်စုတို့မှ နွေစပါး ၅၇၄၅ ဧကအား စိုက်ပျိုးရေကို တူးမြောင်းမကြီး အပါအဝင်လက်ဝဲမြောင်းခွဲ၊ လက်ယာမြောင်းခွဲ နှင့် လက်တံမြောင်းတို့ဖြင့် လုံလောက်စွာ ပေးဝေလျက်ရှိသည်။ တူးမြောင်းမကြီး အပါ အဝင် လက်ဝဲမြောင်းခွဲ၊ လက်ယာမြောင်းခွဲနှင့် လက်တံမြောင်းတို့အား ရေစီးရေလာကောင်း မွန်ရေးတို့ကို ဆောင်ရွက်ထားရှိပြီး နွေစပါး စိုက်တောင်သူများအား ဇန်နဝါရီ ၁ ရက်မှစ၍ စိုက်ပျိုးရေများ ပေးဝေလျက်ရှိသည်။

ရေအသုံးချသူများအဖွဲ့ ၂၂ ဖွဲ့ကို နွေစပါး စိုက်တောင်သူ ၁၉၄၂ ဦးဖြင့် ဖွဲ့စည်းထားရှိ ကြောင်း အင်္ဂပူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိဦးသိန်းလင်းကျော်ထံမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)