အင်္ဂပူမြို့ဟောင်း

Listing Description

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ပုသိမ် - မုံရွာ ကားလမ်းအနောက်ဘက် ၂ မိုင်ခန့်အကွာ ပိန္နဲကွင်းနှင့်ကျပ်ပြင်ကျေးရွာအုပ်စုတွင် တည်ရှိသည်။ အကျယ်အဝန်း ၈ မိုင်ပတ်လည်ခန့်ရှိသည့် အင်္ဂပူမြို့ဟောင်းသည် ရခိုင်ရိုးမကို နောက်ခံထား၍ ပေ ၁၀၀ ကျော်မြင့်သည့် တောင်ကြောပေါ်တွင် တည်ဆောက် ထားခြင်းဖြစ်ပြီး၊ စေတီပုထိုးများ၊ စိမ့်စမ်း ရေတွင်းများ တည်ရှိရာနေရာကို အလယ်ဗဟို ထားကာ ဘယ်ဘက် နှင့် ညာဘက် တောင်ကြောများပေါ်တွင် ဂဝံကျောက်တုံးကြီးများဖြင့် မြို့ရိုးများ တည်ဆောက်ထားသည်။ မြို့အရှေ့ဘက် မျက်နှာစာတွင် ကျယ်ပြန့်သည့် မြေပြန့်လွင်ပြင်နှင့် ကျေးရွာများ တည်ရှိသည်ကို တွေ့ရသည်။ ယခင်က ထိုမြို့ဟောင်းနေရာသည် တိမ်မြုပ်ပျောက်ကွယ်နေခဲ့ရာမှ ၂၀၀၈ ခုနှစ်မှစ၍ ဆရာတော် ဦးပညာသီရိက ထိုနေရာ၌ တောရဆောက်တည်ပြီး ရှေးဟောင်း သာသနိကအဆောက်အအုံများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ၂၀၀၉ ခုနှစ်တွင် သမိုင်းသုတေသီ ဦးဘုန်းတင့်ကျော်နှင့် အဖွဲ့က ကွင်းဆင်းလေ့လာခဲ့ကြပြီး မြို့ဟောင်း၌ တွေ့ရှိရသည့် အက္ခရာများ၊ အုတ်ချပ်၊ ရေတွင်း၊ အုတ်လှေကား၊ စေတီ၊ ဗုဒ္ဓရုပ်ပွားတော်နှင့် နတ်ရုပ်များကို လေ့လာ မှတ်တမ်းတင်ပြီးနောက် လွန်ခဲ့သည့် နှစ်ပေါင်း ၂၃၀၀ ကျော်က ပျူလူမျိုးတို့ တည်ဆောက်ခဲ့သည့် မြို့ဟောင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ရှေးဟောင်းသုတေသနဌာန၏ အဆိုအရမူ မြေပေါ် အထောက်အထားများအရ ပျူမြို့ဖြစ်သည့် အထောက်အထား မတွေ့ရဘဲ နှစ်ပေါင်းရာနှင့်ချီ တည်ရှိခဲ့သည့် ရှေးမြို့ဟောင်းတခု အဖြစ်သာ ယာယီ သတ်မှတ်ထားကြောင်း သိရသည်။