အာနန္ဒာဘုရားရှိ ရပ်တော်မူဆင်းတုတော်ကြီး ၄ ဆူ

Listing Description

အနုမှာအာနန္ဒာ ဆိုတဲ့ဆိုရိုးအတိုင်း ပုဂံမှာရှိတဲ့ ဘုရားစေတီပုထိုးတွေအနက်မှာ အာနန္ဒာဘုရားဟာ အနုစိတ်လက်ရာအမြောက်ဆုံး လို့ဆိုလေ့ရှိကြပါတယ်။ အဲဒီ အာနန္ဒာဘုရားရဲ့ အလယ်မဏ္ဍိုင်ကြီးပတ်လည် အရပ်မျက်နှာတစ်ဖက်စီမှာ ရပ်တော်မူ ဆင်းတုတော်ကြီး တစ်ဆူစီရှိတယ်ဆိုတာကို သိကြပြီး ဖြစ်မှာပါ။ ဒီတစ်ခါတော့ အဲဒီ ဆင်းတုတော်ကြီး လေးဆူရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

ရပ်တော်မူ ဆင်းတုတော်ကြီးလေးဆူဟာ အာနန္ဒာ ဂူဘုရားကြီးရဲ့ အရပ်လေးမျက်နှာရှိ ဂန္ဓကုဋိတိုက်လေးခုမှာ တည်ရှိနေပါတယ်။ ဒီဆင်းတုတော်ကြီးလေးဆူကို ဤဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူပြီးဖြစ်သော ဘုရားရှင်လေးဆူတို့အား ရည်မှန်းကာ ပူဇော်ထားခြင်း ဖြစ်ပါတယ်။

ရပ်တော်မူ သစ်သားဆင်းတုတော်ကြီး လေးဆူကို ပုဂံခေတ်ကတည်းက ထုလုပ်ပူဇော်ထားခဲ့တာဖြစ်ပြီး အရှေ့မျက်နှာမှာ မလ္လာယုကျွန်းမှရအပ်သော သရက္ခာန်နံ့သာနှစ်ဖြင့် ထုလုပ်အပ်သည့် ကောဏဂုံဘုရား ၊ အနောက်မျက်နှာမှာ ပဉ္စလောဟာဖြင့်ပြီးသော ဂေါတမမြတ်စွာဘုရား ၊ တောင်မျက်နှာမှာ ဟိမဝန္တာမှ ရအပ်သော ထင်းရှူးသားဖြင့် ထုလုပ်ထားသည့် ကဿပမြတ်စွာဘုရား ၊ မြောက်မျက်နှာမှာ ဥဿပဲခူးပြည်မှရသော စံကားသားဖြင့် ထုလုပ်ထားသည့် ကကုသန်မြတ်စွာဘုရား တို့ဖြစ်ကြပါတယ်။

( ပဉ္စလောဟာ ဆိုတာကတော့ ကြေးသွန်းစပ်နည်းတစ်မျိုးဖြစ်ပြီး  ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ ခဲ-စတဲ့ သတ္တုငါးမျိုးကို စပ်ထားတာလို့ သိရပါတယ်)

ဆင်းတုတော်ကြီးတွေဟာ ၈ပေစီမြင့်တဲ့ ပလ္လင်တော်ပေါ်မှာရှိနေပြီး ဉာဏ်တော်အားဖြင့် ၃၁ပေ နဲ့ ၅လက်မ စီ ရှိကြပြီး ပုဂံတဝိုက်မှာရှိတဲ့ ရပ်တော်မူ ဆင်းတုတော်တွေထဲမှာ အမြင့်ဆုံးလို့ ဆိုနိုင်ပါတယ်။ မြောက်ဘက် နဲ့ တောင်ဘက် မှာ ရှိတဲ့ ရုပ်ပွားတော်နှစ်ဆူဟာ လက်နှစ်ဖက်ကို ရင်တွင်ကပ်၍ စက်လှည့်နေဟန် (ဝါ) ဓမ္မာစကြာ တရားဟောဟန် လက်အနေအထားဖြင့် ရှိနေပါတယ်။ အရှေ့ဘက်မှာရှိတဲ့ ရုပ်ပွားတော်ကတော့ လက်တွဲလဲချလျက် သင်္ကန်းတော်ကို ကိုင်ထားတဲ့ဟန်ဖြစ်ကာ အနောက်ဘက်မှာရှိတဲ့ရုပ်ပွားတော်ရဲ့ မုဒြာကတော့ အဘယမုဒြာ(ဘေးအန္တရာယ်ကင်းပါစေ) ဖြစ်ပါတယ်။

ရုပ်ပွားတော်ကြီးများ မျက်နှာတော်တွေရဲ့ နားတစ်ဖက်မှ နောက်တစ်ဖက်သို့ အကွာအဝေးဟာ ၅ပေ ခန့်ရှိပါတယ်။ လက်ရှိ ရှိနေတဲ့ ရုပ်ပွားတော်လေးဆူ အနက်မှာ  မြောက်ဘက်မှာရှိတဲ့ ကကုသန်ရုပ်ပွားတော် နဲ့ တောင်ဘက်မှာရှိတဲ့ ကဿပရုပ်ပွားတော်တွေသာ မူလလက်ရာဖြစ်ပြီး အရှေ့ဘက်မှာရှိတဲ့ ကောဏဂုံ ဘုရားရှင်ရုပ်ပွားတော် နဲ့ အနောက်ဘက်ရှိ ဂေါတမ ဘုရားရှင် ရုပ်ပွားတော်တွေကတော့ ပြန်လည်ထုလုပ်ပူဇော်ထားတဲ့ရုပ်ပွားတော်တွေဖြစ်ပါတယ်။

အရှေ့ဘက်မှ ရုပ်ပွားတော်ကြီးကတော့ မြန်မာသက္ကရာဇ် ၁၂၁၈ ခုနှစ်မှာ မီးလောင်ပျက်စီးခဲ့တာကြောင့် မင်းတုန်းမင်းကြီးက စံကားသားဖြင့် မူလဆင်းတုတော်ပုံစံအတိုင်း ပြန်လည်ထုလုပ်ပူဇော်စေခဲ့တာကြောင့် ပုဂံမြို့ဝန် ဦးဘိုးက ကြီးကြပ်ပူဇော်ခဲ့တာဖြစ်ပါတယ်။ အရှေ့မျက်နှာမှာ လက်ရှိဖူးမြင်နေကြရတဲ့ ရုပ်ပွားတော်ကိုတော့ ခရစ်နှစ် ၁၉၀၆ ခုနှစ်တွင် ညောင်ဦး အရှေ့ရွာနေ ဦးဝက ထပ်မံပြင်ဆင်ခဲ့တဲ့ရုပ်ပွားတော်ဖြစ်ပါတယ်။

အနောက်ဘက်မှာရှိတဲ့ ပဉ္စလောဟာရုပ်ပွားတော်ကြီးကတော့ သက္ကရာဇ် ၁၁ဝ၇ ခုနှစ် မှာ တစ်ကြိမ် ၊ ၁၂၄၇ ခုနှစ်မှာတစ်ကြိမ် ပျောက်ဆုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ပဉ္စလောဟာရုပ်ပွားတော်ကြီး မည်သည့်အကြောင်းကြောင့် ပျောက်ဆုံးခဲ့တယ်ဆိုတာကိုတော့ တိတိကျကျမသိရပဲ အချို့ကတော့  မသမာသူတွေဟာ ရုပ်ပွားတော်ကြီးမှာ ရွှေပါဝင်တာကိုသိတဲ့အတွက်ကြောင့် ခိုးယူကာ အရည်ဖျော်ခဲ့တာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ အနောက်မျက်နှာမှာရှိတဲ့ လက်ရှိရုပ်ပွားတော်ကိုတော့ ခရစ်နှစ် ၁၈၉၁ ခုနှစ်တွင် ပုဂံမြို့မှ ကုန်သည်ကြီး ဦးစံငြိမ်းက လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အာနန္ဒာဂူဘုရား မှာ ထူထဲကြီးမားတဲ့ နံရံကြီးတွေနဲ့ တည်ဆောက်ထားတာကြောင့် အတွင်းဘက် အလယ်အကျဆုံးလို့ ဆိုနိုင်တဲ့ နေရာမှာရှိနေတဲ့ ဒီရုပ်ပွားတော်ကြီးတွေကို ညအချိန်မှာ မဖူးမြင်နိုင်ဘူးလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် တကယ်တမ်းကတော့ လရောင်ရှိရင် ဒီရုပ်ပွားတော်ကြီးတွေကို ကောင်းစွာဖူးမြင်နိုင်ပါတယ်။ အကြောင်းကတော့ ရှေးဗိသုကာပညာရှင်ကြီးတွေဟာ မျက်နှာတော်တူရူမှာ မုခ်ပြတင်းငယ်များကို ထည့်သွင်းတည်ဆောက်ထားတာကြောင့် လရောင်ဟာ ကိုယ်တော်အထက်ပိုင်းတစ်ခုလုံးကို ဖြာကျနေလို့ဖြစ်ပါတယ်။

Ref: ပုဂံသုတေသနလမ်းညွှန်(ဦးဗိုကေ)