ရွှေဥမင်သဘာဝလိုဏ်ဂူ

Listing Description

ရှမ်းပြည်နယ်၊ ကလောမြို့၊ ရွှေဥမင်ဘုရားလမ်းတွင် တည်ရှိပါသည်။ လိုဏ်ဂူတော် သုံးခုရှိပြီး ပထမလိုဏ်ဂူမှာ ဂူအဝင်ဝ ပေ ၄၀ ခန့်ကျယ်ပြီး လိုဏ်ဂူအရှည် ၂၈၀ ပေခန့်ရှည်လျားသည်ဟု သိရပါသည်။ ထိုလိုဏ်ဂူအတွင်း သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် စေတီနှစ်ဆူအပြင် ထိုင်တော်မူရုပ်ပွားတော် ၅၀၀ ကျော်ရှိပြီး ယင်းရုပ်ပွားတော်များအနက် ၇၆ ဆူခန့်မှာ ပုဂံခေတ်လက်ရာများဖြစ်သည်ဟု သိရပါသည်။ ဒုတိယလိုဏ်ဂူမှာ လိုဏ်ဂူအလျား ပေ ၄၀ ခန့်၊ အနံ ၁၃ ပေခန့်သာရှိပြီး ဂူအတွင်း၌ မုဒြာဟန်အမျိုးမျိုးဖြင့် ဗုဒ္ဓရုပ်ပွားတော်များနှင့် ဖွား၊ ပွင့်၊ ဟော၊ စံ ရုပ်လုံးကြွများကို ဖူးမြော်နိုင်ပါသည်။ တတိယလိုဏ်ဂူမှာ အလျား ပေ ၁၀၀၀ ကျော်ခန့်ရှည်လျားပြီး လိုဏ်အတွင်းတွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ ဖူးမြင်နိုင်ပါသည်။ ရွှေဥမင်သဘာဝလိုဏ်ဂူအပြင်ဘက် ဘုရားပရိဝုဏ်အတွင်း၌လည်း အနော်ရထာမင်း၊ ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်းလက်ထက်၌ ဆွေတော်မျိုးတော်များ တည်ထားခဲ့သော စေတီပုထိုးများကို ဖူးမြော်နိုင်ပြီး ထိုစေတီပုထိုးများအနက် ၃၆ ဆူခန့်မှာ ပုဂံခေတ်လက်ရာများ ကျန်ရှိနေပါသည်။