‌ဝေဠုကျော်

Listing Description

၁၉၇၀ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖခင် တက္ကသိုလ် ညိုလွင်မောင်နှင့် မိခင် တက္ကသိုလ် ညိုညိုသိမ်းတို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့တွင် မွေးဖွားခဲ့သည်။ မိဘများမှာ ပန်းလှိုင်စာပေတိုက်ကို တည်ထောင်ခဲ့သူများဖြစ်သည်။ အမည်ရင်း ဝေဠုကျော်စွာဖြစ်ပြီး မွေးချင်းမောင်နှမသုံးယောက်အနက် အကြီးဆုံးသားဖြစ်သည်။

၁၉၉၇ ခုနှစ်ခန့်တွင် ကလေးသရုပ်ဆောင်အဖြစ် “အစိမ်းရောင်တောင်ကြား” နှင့် “နှလုံးသားဖြင့်ရင်းရသည်” ရုပ်ရှင်ဇာတ်ကားကြီးများတွင် ပါဝင်သရုပ်ဆောင်၍ ရုပ်ရှင်လောကကို ရောက်ရှိခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် “မကြာမီမျှော်”  ဗီဒီယိုဇာတ်ကားကို ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့သည်။ ယနေ့ အထိ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၈၀ ကျော်ရိုက်ကူးခဲ့သည်။ ကွမ်းလုံရက် (၄၀)၊ ဘဦး၊ ၃၉ ဗိုက်ပူ အစရှိသည့် ရုပ်ရှင်ဇာတ်ကားများမှာ အောင်မြင်ကျော်ကြားခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် “ပင်လယ်ထက်ကနေဝန်းနီ” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု ရရှိခဲ့သည်။

“ဝေဠုကျော် ဖောင်ဒေးရှင်း” တည်ထောင်၍ ပရဟိတလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

သွေးမေတ္တာ ပရဟိတအသင်းတွင် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ နာဂစ်မုန်တိုင်းကာလတွင် နာရေးကူညီ မှုအသင်း(ရန်ကုန်)နှင့် တွဲဖက်၍ ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လပွတ္တာ၊ မြောင်းမြနယ်တစ်ဝိုက်တွင် အကူအညီပေးခဲ့သည်။ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းကြီးတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။