ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းအတွက် ဓါတ်ငွေ့သိုလှောင်ရုံ ကိုရီးယားကုမ္ပဏီ တည်ဆောက်မည်

12-Dec-2020

မြန်မာနိုင်ငံမှာ ကမ်းလွန် ရေနံသဘာဝဓာတ်ငွေ့သိုလှောင်ရုံတခု တည်ဆောက်ဖို့ ကိုရီးယား သဘောၤတည်ဆောက်ရေးနဲ့ ကမ်းလွန်အင်ဂျင်နီယာလုပ်ငန်းကုမ္ပဏီအနေနဲ့ ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိတဲ့ သဘောတူချက်တစ်ခု ရလိုက်ပါပြီ။

ဒီတောင်ကိုရီးယားကုမ္ပဏီအနေနဲ့ Posco International ကုမ္ပဏီကြီးကနေ၊ ဒီ တည်ဆောက်ရေးသဘောတူမူ ရရှိလိုက်တာဖြစ်ပြီး၊ ၂၀၂၄ မှာ အပြီးဆောက်လုပ်ပေးရမယ်လို့ တောင်ကိုရီးယား Yonhap သတင်းဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီ တောင်ကိုရီးယား သင်္ဘောတည်ဆောက်ရေးကုမ္ပဏီကပဲ၊ အခုရေနံသဘာဝဓာတ်ငွေ့ သိုလှောင်ရုံကို ဘင်္ဂလားပင်လယ်အော်ထဲက ရွှေ Gas သဘာဝဓာတ်ငွေ့အကွက်မှာ တည်ဆောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီရွှေ Gas သဘာဝဓာတ်ငွေ့စီမံကိန်းကြီးမှာ သဘာဝဓာတ်ငွေ့ကွက်မျာစွာပါဝင်ပြီး၊ ရခိုင်ပြည်နယ်ကမ်းလွန်က A-1 နဲ့ A-3 အကွက်ထဲက ရွှေ၊ ရွှေဖြူနဲ့ မြ ကမ်းလွန်သဘာဝဓာတ်ငွေ့အကွက်တွေပါဝင်ပါတယ်။

Posco International ကုမ္ပဏီဦးဆောင်ပြီး ကုမ္ပဏီ ၆ ခုပါတဲ့၊ ဒီစီမံကိန်းရဲ့ အဆင့် ၃ ဆင့်ထဲက ပထမအဆင့်ဖြစ်တဲ့၊ ရွေ Gas သဘာဝဓာတ်ငွေ့ထုတ်လုပ်မူကို ၂၀၁၃ နှစ်လယ်မှာ စနိုင်ခဲ့ပြီး၊ ကျန် ၂ ဆင့်ကိုဆက်လုပ်နေရာမှာ၊ ဒုတိယအဆင့်အနေနဲ့ ၂၀၂၂ ဒုတိယလေးလပတ်မှာ စထုတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

Posco ကုမ္ပဏီအနေနဲ့ အစုရှယ်ရာ ၅၁% ထည့်ဝင်ထားပြီး၊ အိန္ဒိယရဲ့ ONGC ကုမ္ပဏီက ၁၇%၊ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းက ၁၅%၊ နောက်အိန္ဒယရဲ့ GAIL ကုမ္ပဏီက ၈.၅% နဲ့ တောင်ကိုရီးယားရဲ့ KOGAS ကုမ္ပဏီက ၈% ထည့်ဝင်ထားပါတယ်။

VOA News