ရွေးကောက်ပွဲမှာ NLD ဘာကြောင့် တောင်ပြိုကမ်းပြို နိုင်ခဲ့သလဲ

11-Nov-2020

လက်ရှိရွေးကောက်ပွဲမှာ NLD က ထပ်မံအနိုင်ရခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချစ်ခင်မှုအပြင် ရွေးကောက်ပွဲမတိုင်ခင် လတ်တလောကာလတွေအတွင်း USDP နဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုဆောင်ရွက်မှုတွေကြောင့်လို့ လေ့လာသူတချို့က သုံးသပ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲဲ့ချုပ်က ရွေးကောက်ပွဲမှာ အရင် ၂ဝ၁၅ ခုနှစ်ကထက်ပိုပြီး အနိုင်ရခဲ့တယ်လို့ သတင်းတွေထွက်ပါတယ်။  ဘာကြောင့် အခုလို ထပ်မံပြီး တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါသလဲ။

ဗေဒါအင်စတီကျုဒါရိုက်တာ ဦးမျိုးရန်နောင်သိန်းက ….

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သောင်ပြိုကမ်းပြို နိုင်တာက ပြည်သူ နဲ့ NLD တသားတည်းဖြစ်တယ်ဆိုတာ ပြလိုက်တာပါပဲ။ ပြည်သူတွေအနေနဲ့ အာဏာရှင် အကြွင်းအကျန်အငွေ့အသက် ဘာကိုမှ လက်မခံဘူးဆိုတာ တခဲနက်ပြလိုက်တာပါ။ ဒီရွေးကောက်ပွဲမတိုင်ခင်မှာ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တချို့ခြိမ်းခြောက်တဲ့သဘောဆန်တဲ့ ပြောဆိုချက်တွေကလည်း အခုလိုမျိုး တခဲနက်အောင်မြင်အောင် ပိုပြီးတွန်းအားပေးသလို ဖြစ်ခဲ့ပါတယ်။”

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် နှစ်လရှည်စွာ ဆောင်ရွက်နေတဲ့ ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းဇံက UEC ရဲ့ မှားယွင်းမှု၊ အင်တာနက်နဲ့ ပုဂ္ဂိုလ်စွဲကြီးမှုတွေကြောင့်ပဲလို့ ဝေဖန်ပါတယ်။

“အဲဒီမှာ အင်တာနက် ပိတ်ထားတဲ့ မြောက်ပိုင်း ၉ မြို့နယ်မှာက မဲဆန္ဒရှင်တွေကို အသိပေးတာတွေ စည်းရုံးလှုံ့ဆော်တာတွေ မရဘူး။ အဲဒါကြောင့် တန်းတူရည်တူ မရဘူးလို့ ပြောချင်တယ်။ နောက်တခုက မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းထဲမှာ အပြောင်းအလဲကို တော်ရုံတန်ရုံ နဲ့ မပြောင်းချင်ကြဘူး အစွဲကြီးကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ယုံကြည်မှုများတယ်။ ဒေါ်အောင်ဆန်းစုကြည် ရှိနေသမျှတော့ NLD နိုင်နေမှာပဲလေ။ နောက်တခုကတော့ ရွေးကောက်ပွဲကာလမှာ UEC ရဲ့ စီမံခန့်ခွဲမှု အားနည်းတာကို အများကြီးတွေ့ရတယ်။ UEC ဟာ ဘက်လိုက်မှု တဘက်ဘက်မှာ ရှိနေတယ်လို့ ခံစားရပါတယ်။”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးကတော့ ပြည်သူတွေရဲ့ NLD အပေါ်ယုံကြည်မှု၊ USDP နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ရဲ့ ဆောင်ရွက်ချက်တွေ စုပေါင်းသွားခဲ့တယ်လို့ ရှုမြင်ပါတယ်။

“ရွေးကောက်ပွဲမတိုင်ခင်တုန်းကတော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တော်တော်လေးကို ဆူညံသံတွေထွက်လာတာကို တွေ့ရတယ်။ ဥပမာအားဖြင့် တချို့ပါတီတွေရဲ့ မဲဆွယ်မိန့်ခွန်း မြန်မာ့ရုပ်မြင်သံကြားက လွှင့်တဲ့အခါမှာ UEC က ဆင်ဆာဖြတ်တဲ့ ကိစ္စရပ်မျိုးတွေ နောက် တချို့မြို့တွေဝင်ပြိုင်လို့ရပေမယ့် ပြိုင်ခွင့်မရတဲ့အခြေအနေတွေမှာတော့ အတော်လေးအသံတွေ ထွက်လာတယ်။ သို့သော်လည်း ရွေးကောက်ပွဲတခုလုံး ခြုံပြီးကြည့်မယ်ဆိုရင် ပြည်သူလူက လွတ်လွတ်လပ်လပ် မဲပေးပြီး ရွေးချယ်ခွင့်ရခဲ့တယ်လို့ ကျနော်သုံးသပ်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ ့ဖြိုးရေးပါတီက ဒီရွေးကောက်ပွဲမတိုင်ခင်ကာလမှာ တချို့ပါတီတွေ နဲ့ ပေါင်းပြီးတော့ ၁၉၅၈ ခုနှစ်ကအခြေအနေမျိုးတွေ ဖြစ်နေတယ်ဆိုတဲ့ ပုံစံမျိုးတွေ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို သွားတိုင်တန်းတဲ့ ကိစ္စရပ်တွေက NLD ပါတီဘက်ကိုပြန်ပြီးတော့မှ ပြည်သူလူထုအနေနဲ့ မဖြစ်ဘူး ဒီအတိုင်းဆိုရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး နောက်ပြန်လန်ကျလိမ့်မယ်ဆိုတဲ့ အသိမျိုး ဝင်သွားစေတာပဲ။ နောက်တချက်က ရွေးကောက်ပွဲနဲ့ ကပ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ထုတ်ပြန်လိုက်တဲ့ကြေညာချက်ရှိတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မယ်ဆိုတာ သံသယရှိတယ်ဆိုတဲ့ ကြေညာချက်ပဲ။ အဲဒီကြေညာချက်ဟာ တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူလူထုက ဝန်းရံရမယ်ဆိုတဲ့ အသိတရားကို ပိုမြင့်တက်သွားစေတယ်လို့ ကျနော်ထင်တယ်။ နောက်တချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ တိုင်းပြည်အပေါ်မှာ နှစ်ပေါင်း ၃ဝ ကျော်ကြာ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းနဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုပဲ။ ကျနော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ လုံးဝ လက်ခံထားတယ်ဆိုတာတော့ သေသေချာချာသတိပြု အလေးအနက်ထားရမယ့် ကိစ္စတရပ်လို့မြင်တယ်။ ဒီအချက်တွေ အကုန်လုံးပေါင်းစုံသွားတဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁၅ ထက်ပိုပြီးတော့ သာအောင် နိုင်သွားတယ်လို့ ကျနော်မြင်ပါတယ်။”

NLD အနေနဲ့ အခုအချိန်မှာ ပြန်လည်ပေါင်းစည်းရေးကို အဓိက ထားဆောင်ရွက်သင့်တယ်လို့လည်း ဦးမြအေး က RFA ကိိုပြောပါတယ်။

Crd RFA