မန္တလေး မဟာမြတ်မုနိဘုရားကြီးပရိဝုဏ်အတွင်း အကြီးစားပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်

07-Dec-2020

မန္တလေး ဒီဇင်ဘာ ၆

မန္တလေး မဟာမြတ်မုနိဘုရားကြီးပရိဝုဏ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း အကြီးစားပြင်ဆင်မှု လုပ်ငန်းများအား ငွေကျပ်သိန်းပေါင်း ၅၀၀၀၀ ကျော် ဖြင့် ဆောင်ရွက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်းကျော်ပြီးစီး နေပြီဖြစ်ကြောင်း မန္တလေး မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထံမှ သိရသည်။

"ကိုဗစ်-၁၉ ရောဂါကြောင့် ဘုရားဖူးတွေ စတင် ကန့်သတ်လိုက်တဲ့ မတ် ၂၉ ရက်ကစတင်ပြီး အကြီးစား ပြင်ဆင်မှုလုပ်ငန်းတွေဆောင်ရွက်ခဲ့ပါတယ်၊ ဘုရားဖူး အများဆုံးဝင်/ထွက်သွားလာတဲ့ အရှေ့ဘက်စောင်း တန်းနဲ့ မြောက်ဘက်စောင်းတန်းတွေကို အကြီးစား မွမ်းမံပြင်ဆင်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်၊ ခုချိန်မှာ တော့ မြောက်ဘက်စောင်းတန်း အနောက်ဘက်အလှနဲ့ တတိယမဟာရံတံတိုင်းအလှကို ပြန်မြင်ရပါပြီ။ ပန်းတန်းနဲ့ ကားလမ်းကြားမှာ သစ်ပင်တွေ၊ပန်းပင်တွေ စိုက်ပြီး အလှပုံဖော်လိုက်တယ်၊ ဘုရားဖူးတွေအနေနဲ့ ဘုရားထဲဝင်ဝင်လာချင်းကို စိတ်ချမ်းသာသွားအောင် ဆောင်ရွက်လိုက်တာပါ” ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောကြားသည်။

မဟာမုနိဘုရားကြီးပရိဝုဏ်အတွင်း၌ အကြီးစားပြင်ဆင်မှုလုပ်ငန်းများတွင် မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီး၊ စောင်းတန်းများ၊ ဇရပ်များ၊ ဥယျာဉ်ငယ်များ၊ ကားပါကင် များ၊ လိပ်ကန်၊ ငါးကန်၊ ဝန်ထမ်းအိမ်ရာတည်ဆောက် မှုများ၊ အခြားအသေးစားပြင်ဆင်မှုများနှင့် ပြင်ဆင်မှု အတွက် အခြားအလှူခံရရှိမှုများအပါအဝင် ငွေကျပ် သိန်းပေါင်း ၅၀၀၀၀ ကျော် အကုန်အကျခံဆောင်ရွက် လျက်ရှိကြောင်းသိရပြီး လုပ်ငန်းအတော်တော်များများ ပြီးစီးနေပြီဖြစ်သည်။ သန်းဇော်မင်း(ပြန်/ဆက်)