လွှတ်တော်အမတ်တွေပါ ဖမ်းဆီးဖို့ကြံရွယ်ခဲ့ကြတဲ့ ကန် လွှတ်တော်ဝင်စီးသူတွေ

16-Jan-2021

အမေရိကန်လွှတ်တော်ကို ဇန်နဝါရီလ ၆ ရက် ဝင်ရောက်စီးနင်းမှု အတွင်း အရွေးကောက်ခံ အရာရှိတွေကို ဖမ်းဆီးဖို့နဲ့ လုပ်ကြံဖို့ပါ ဆန္ဒပြသူတွေဘက်က ရည်ရွယ်ချက်ရှိကြောင်း ဗဟိုအစိုးရရှေ့နေတွေက ကြာသပတေးနေ့က ပြောပါတယ်။

လွှတ်တော်ကို အတင်းဝင်ရောက်စီးနင်းမှုနဲ့ ဆက်နွယ်တဲ့ စွဲချက်တွေ အတွက် တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေချိန်မှာပဲ Jacob Anthony Chansley ကို ဖမ်းဆီးဖို့ အရီဇိုးနားပြည်နယ် Phoenix က ဗဟိုအစိုးရရှေ့နေတွေက ကြာသပတေးနေ့နှောင်းပိုင်းမှာ လေ ျှာက်ထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ အရွေးကောက်ခံ အရာရှိတွေကို ဖမ်းဆီးဖို့နဲ့ လုပ်ကြံဖို့ လွှတ်တော်ကိုဝင်ရောက်စီးနင်းသူတွေလုပ်မှာကို သူက ထောက်ခံတယ် ဆိုတဲ့ ခိုင်မာတဲ့ သက်သေ အဖြစ် Chansley ရဲ့ ပြောကြားချက်နဲ့ လုပ်ဆောင်ချက်အပါအဝင် အထောက်အထားတွေကို အခုတင်သွင်းတဲ့ လျှောက်ထားလွှာထဲမှာ ဖေါ်ပြထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ဌာနေတိုင်းရင်းသားတွေရဲ့ ကျွဲခေါင်းပါဝတ်စုံဝတ်ပြီး ကျွဲချိုနဲ့ ၆ ပေရှည်လံှကို ကိုင်ပြီး လွှတ်တော်ထဲ ဝင်ရောက်ခဲ့တဲ့ Chansley ရဲ့ ပုံကို လူမှုမီဒီယာနဲ့ သတင်းတွေမှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အခု အချိန်အထိတော့ သူ့ကို လူထုမငြိမ်မသက်ဖြစ်အောင်လုပ်မှု၊ တရားရေး ဆိုင်ရာ အနှောက်အယှက်ပေးမှု တွေနဲ့ တရားစွဲဆို ထားတာ ဖြစ်ပါတယ်။

အချိန်တန်ရင် အမှန်တရားပေါ်လာလိမ့်မယ် ဆိုတဲ့ သူ့မှတ်စုကို ဒုသမ္မတ Mike Pence အတွက် သူက အထက်လွှတ်တော် ခန်းမထဲမှာထားခဲ့ကြောင်းလည်း တာဝန်ခံ အရာရှိတွေက ပြောပါတယ်။ ဒါ့အပြင် သူဟာ အရွေးကောက်ခံ အရာရှိတွေအပေါ် အကြမ်းဖက်ဖို့ ဆိုရှယ်မီဒီယာ မှာ အများအပြား တင်ခဲ့တာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

လွှတ်တော် ဝင်ရောက်စီးနင်းမှုနဲ့ ဆက်နွယ်ပြီး ဗဟိုအစိုးရအရာရှိတွေ ဖမ်းဆီး ထိန်းသိမ်းထားသူက အခုဆို တရာကျော်နေပြီဲဖြစ်ပြီး သူတို့ကို ညမထွက်ရအမိန့် ချိုးဖောက်မှု၊ ကနေ ခိုးမှုနဲ့ လက်နက်ကိုင်ဆောင်တာ တွေ့ရှိမှုလို အမှုကြီးတွေ အထိ ပါဝင်တဲ့ ရာဇဝတ်မှုတွေနဲ့ စွဲချက်တင် ထားတာပါ။

VOA News