ရုရှားသမ္မတ ပူတင် ကျန်းမာရေးအခြေအနေကြောင့် လာမည့်နှစ်အစောပိုင်းတွင် ရာထူးမှနုတ်ထွက်ရန် စီစဉ်

07-Nov-2020

မော်စကို နိုဝင်ဘာ ၆

ရုရှားသမ္မတ ဗလာဒီမာပူတင်က ကျန်းမာရေးအခြေအနေကြောင့် လာမည့်နှစ်အစောပိုင်းတွင် ရာထူးမှ နုတ်ထွက်ရန် စီစဉ်နေကြောင်း မော်စကိုမြို့ရှိ သတင်းရင်းမြစ်များက ပြောသည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ရုပ်သံဖိုင်များအရ အသက် ၆၈ နှစ်အရွယ် သမ္မတ ဗလာဒီမာပူတင်၌ ပါကင်ဆန်ရောဂါလက္ခဏာများ ရှိနေဖွယ်ရှိကြောင်း စောင့်ကြည့်သူများနှင့် နိုင်ငံရေးသိပ္ပံပါမောက္ခ ဗယ်လာရီဆိုလိုဗီတို့က ပြောသည်။ ဗလာဒီမာပူတင်၏ချစ်သူဟောင်း အသက် ၃၇ နှစ်အရွယ် ကျွမ်းဘားမယ်ဟောင်း အလီနာ ကာဘေဗာက ရာထူးမှ နုတ်ထွက်ရန် ပူတင်အားတောင်းဆိုနေကြောင်း သိရသည်။ ပူတင်၏ ခြေထောက်များက စဉ်ဆက်မပြတ် ရွေ့လျားနေသည်ဟုထင်ရပြီး ကုလားထိုင်ကိုကိုင်ထားစဉ် နာကျင်နေပုံရကြောင်း မကြာသေးမီက ပူတင်၏ ရုပ်သံဖိုင်များကို လေ့လာခဲ့သည့် စောင့်ကြည့်သူများက ပြောသည်။

အလီနာနှင့်အတူ ပူတင်၏ယခင်ဇနီးဟောင်း လွိုင်မီယာနှင့် ထွန်းကားခဲ့သော သမီးများဖြစ်သည့် အသက် ၃၅ နှစ်အရွယ် မာရီယာဗိုရွန်ဆိုဗာ နှင့် အသက် ၃၄ နှစ်အရွယ် ကတ်ထရီနာတီခိုနိုဗာတို့က ပူတင်အား ရာထူးမှနုတ်ထွက်ရန် ဖိအားပေးနေသည်ဟု နိုင်ငံရေးသိပ္ပံပါမောက္ခက ဆိုသည်။ ပူတင်က ၎င်း၏နေရာ ဆက်ခံသူဖြစ်လာနိုင်သည့် ဝန်ကြီးချုပ်သစ်တစ်ဦး မကြာမီ ခန့်အပ်မည်ဟု ဗယ်လာရီက ခန့်မှန်းလိုက်သည်။

ပူတင်ကိုယ်တိုင်က ကျန်းမာကြောင်း ပြသလိုသောကြောင့် အမဲလိုက်ခြင်း၊ သေနတ်ပစ်ခတ်ခြင်း၊ မြင်းစီးခြင်းနှင့် ရေခဲပြင် ဟော်ကီကစားခြင်း အစရှိသည့် လှုပ်ရှားမှုဓာတ်ပုံများ ပုံမှန်ထုတ်ပြန်လေ့ရှိသည်။

ကိုးကား - သည်ဆန်း၊ ဘာသာပြန် - ကျော်ထိုက်စိုး