အထက်တန်း ကျောင်းဆရာမဘဝကနေ အမေရိကန်သမ္မတကတော် ဖြစ်လာမယ့် ဂျီးလ် ဘိုင်ဒန်

10-Nov-2020

၂၀၂၀ အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရသူ အဖြစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တဲ့ ဒီမိုကရက်ပါတီက ဂျိုးဘိုင်ဒန်ရဲ့ ဇနီးဖြစ်ပြီး ယခင် ဂျိုးဘိုင်ဒန် ဒုသမ္မတအဖြစ် ထမ်းဆောင်စဉ်က ဒုသမ္မတကတော် ဖြစ်ခဲ့ရာကနေ အခု သမ္မတကတော်ပါ ဖြစ်လာပါတော့မယ်။

ဂျိုးဘိုင်ဒန် ဒုသမ္မတ အဖြစ် ထမ်းဆောင်ခဲ့တဲ့ ၂၀ဝ၉ ခုနှစ်ကနေ ၂၀၁၇ အတွင်းမှာ ဒုသမ္မတကတော် ဖြစ်ခဲ့သူ ဂျီးလ်ဘိုင်ဒန်ဟာ သူအိမ်ထောင်မကျခင်က မွေးနာမည် ကတော့ ဂျီးလ်ဂျက်ကော့ ဖြစ်ပါတယ်။

သူ ၂၀ဝ၇ ခုနှစ်မှာ ရရှိခဲ့တဲ့ ဒေါက်တာဘွဲ့စာတမ်းကို ဂျီးလ်ဂျက်ကော့-ဘိုင်ဒန် ဆိုတဲ့ နာမည်နဲ့လည်း တင်ခဲ့ပါတယ်။

ဂျိုးဘိုင်ဒန်နဲ့ ဘယ်လိုတွေ့ခဲ့ကြသလဲ

ဂျီးလ်ဂျက်ကော့ဟာ ၁၉၅၁ ခုနှစ် ဇွန်လမှာ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်အတွင်း ဖွားမြင်ခဲ့သူဖြစ်ပြီး ညီအမ ငါးယောက်ထဲက အကြီးဆုံးလည်း ဖြစ်ပါတယ်။

သူဟာ ဖီလာဒဲလ်ဖီးယားမြို့ရဲ့ ဆင်ခြေဖုံး ဝီးလိုးဂရို့ဗ် အရပ် မှာ ကြီးပြင်းခဲ့သူ ဖြစ်ပြီး ဂျိုးဘိုင်ဒန်ကို လက်မထပ်ခင်က ကော်လိပ်အဆင့် အမေရိကန်ဘောလုံးကစားသမား ဘီးလ် စတီဗန်ဆင်နဲ့ အိမ်ထောင်ကျဖူးသူ ဖြစ်ပါတယ်။

၁၉၇၂ မှာ ကားမတော်တဆမှုကြောင့် ဇနီးနဲ့ တစ်နှစ်အရွယ် သမီးငယ် ဆုံးရှုံးထားပြီး သားနှစ်ယောက်ဖြစ်တဲ့ ဘိုးနဲ့ ဟန်တာတို့လည်း ဒဏ်ရာရတဲ့ အခြေအနေကို ကြုံထားရတဲ့ ဂျိုး ကို ဂျီးလ်ရဲ့ အကိုကတစ်ဆင့် ၁၉၇၅ မှာ စတင် သိကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ ဂျိုးက အမေရိကန်လွှတ်တော် ဆီးနိတ်အမတ် ဖြစ်နေပြီ ဖြစ်ပြီး ဂျီးလ်ကတော့ အိမ်ထောင်ကွဲထားကာစ ကောလိပ်ကျောင်းသူဘဝ ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ဂျီးလ်ကို လက်ထပ်ခွင့်ရဖို့ ငါးကြိမ်တောင်းဆိုခဲ့ရပြီး နှစ်ဦးတွေ့ကြအပြီး နှစ်နှစ်အကြာ ၁၉၇၇ နယူးယောက်မြို့မှာ လက်ထပ်ခဲ့ကြပြီး ၁၉၈၁ ခုနှစ်မှာတော့ သူတို့ရဲ့ တစ်ဦးတည်းသော သမီး အက်ရှလေကို မွေးခဲ့ပါတယ်။

ဒုသမ္မတကတော် မဖြစ်ခင် ကျောင်းဆရာမဘဝ

လက်ရှိ အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဂျီးလ်ဘိုင်ဒန်ဟာ ဂျိုးဘိုင်ဒန်နဲ့ စတင် သိကျွမ်းခဲ့ပြီး ဒယ်လဝဲတက္ကသိုလ်က အင်္ဂလိပ်စာနဲ့ ဘွဲ့ရတဲ့နှစ်လည်းဖြစ်တဲ့ ၁၉၇၅ က စပြီး အထက်တန်းနဲ့ ကောလိပ် ကျောင်းဆရာမ အလုပ်ကို တောက်လျှောက်နီးပါး လုပ်လာခဲ့တာ ၂၀ဝ၈ ခုနှစ်အထိ ဖြစ်ပါတယ်။

သူ့ရဲ့ အထက်တန်းနဲ့ ကောလိပ်ကျောင်းဆရာမဘဝတစ်လျှောက်မှာ ပညာရေးနဲ့ အင်္ဂလိပ်စာ မဟာဘွဲ့နှစ်ခုယူခဲ့ပြီး ပညာရေးဆိုင်ရာ ပါရဂူဘွဲ့ကိုလည်း ၂၀ဝ၇ ခုနှစ်မှာ ဒယ်လဝဲတက္ကသိုလ်ကနေ ရရှိခဲ့ပါတယ်။

သူ ဒုသမ္မတကတော် ဖြစ်လာချိန် ၂၀ဝ၉ နောက်ပိုင်းမှာတော့ မြောက်ဗာဂျီးနီးယား အစုအဖွဲ့ကောလိပ်မှာ အင်္ဂလိပ်စာ ပါမောက္ခဖြစ်လာခဲ့ပြီး ဒီလိုစာသင်လာခဲ့တာ အခုလက်ရှိ အချိန်အထိပဲ ဖြစ်ပါတယ်။

ဒုသမ္မတကတော် ဖြစ်လာချိန် လှုပ်ရှားဆောင်ရွက်မှုများ

ဂျီးလ်ဘိုင်ဒန် ဒုသမ္မတကတော် ဖြစ်နေတဲ့ ကာလအတွင်းမှာ အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ လည်ပတ်တဲ့ အစုအဖွဲ့ ကောလိပ်တွေ အားကောင်းဖို့ လှုပ်ရှားခဲ့ပါတယ်။

ဒါအပြင် သူစောင့်ရှောက်ပေးခဲ့ရတဲ့ ဂျိုးဘိုင်ဒန်ရဲ့ ယခင်အိမ်ထောင်နဲ့ပါလာတဲ့ ဘိုး ဘိုင်ဒန် (၂၀၁၅ ကွယ်လွန်)က အမေရိကန်စစ်တပ်ထဲ ဝင်ခဲ့ဖူးတာနဲ့ ဆက်စပ်ပြီး စစ်ထဲဝင်သူရှိတဲ့ မိသားစုတွေအတွက် လှုပ်ရှားဆောင်ရွက်ပေးတာတွေလည်း လုပ်ခဲ့ပါတယ်။

ဒီလိုလုပ်ရာမှာ အဲဒီအချိန်က သမ္မတကတော်ဖြစ်တဲ့ မီရှဲ အိုဘားမား နဲ့ ပူးပေါင်းပြီး စစ်ပြန်တွေနဲ့တကွ သူတို့ရဲ့မိသားစုဝင်တွေကို ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ အကူအညီပေးတဲ့ အစီအစဉ်တွေမှာလည်း ဂျီးလ်ဘိုင်ဒန်က ပါဝင်ခဲ့တဲ့အပြင် ရင်သားကင်ဆာလည်း ဖြစ်ခဲ့ဖူးတဲ့အတွက် ရောဂါမရင့်ခင် ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေမှာလည်း ပါဝင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ သူဟာ သူ့ရဲ့မြေးမလေးတစ်ဦးဖြစ်တဲ့ နာတာလီ ဘိုင်ဒန်ရဲ့ ဖခင်ဖြစ်သူ ဘိုးဘိုင်ဒန် စစ်ထဲဝင်တဲ့အချိန် မိသားစုအခြေအနေ နေရာက ခံစားပြီး “မမေ့ကြပါနဲ့၊ ကျွန်မတို့ရဲ့ စစ်သားတွေကို ဘုရားသခင် စောင်မပါစေ” ဆိုတဲ့ ကလေးသူငယ်စာပေ ဆိုင်ရာ စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။

Crd BBC News