ကျေးဇူးတော်နေ့ Joe Biden မိန့်ခွန်း

26-Nov-2020

အမေရိကန်ပြည်ထောင်စုမှာ သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ Joe Biden က ကျေးဇူးတော်နေ့ မိန့်ခွန်းတရပ်ကို ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပြောကြားသွားပါတယ်။

အရင်ဦးဆုံး - အမေရိကားတိုက်ကို စတင်ရောက်ရှိ အခြေချခဲ့သူတွေ ကြုံတွေ့ ခဲ့ရတဲ့ ကြမ်းတမ်းတဲ့ အခက်အခဲ တွေကို ရင်ဆိုင်ကျော်လွှား ခဲ့ကြတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ စိတ်ဓါတ်ကို စတင် ပုံဖေါ်ခဲ့ကြတာ ဖြစ်တယ်လို့ Mr. Biden က စတင် ပြောဆိုပြီး ၊ လက်ရှိနေဆိုင်နေရတဲ့ ကိုဗစ် ကပ်ရောဂါကိုလည်း အလားတူ ကျော်လွှားနိုင်မှာ ဖြစ်ကြောင်း သူက ပြောကြားသွားပါတယ်။

“အခု ရင်ဆိုင်နေရတဲ့ စစ်ပွဲဟာ ဗိုင်းရပ်စ်နဲ့ တိုက်ခိုက်နေရတာသာ ဖြစ်ပြီး ၊ တယောက်နဲ့ တယောက် အချင်းချင်း တိုက်ခိုက်နေရတာ မဟုတ်ဘူးဆိုတာကို ကျနော်တို့ သိထားဖို့လိုပါတယ်။ ဒီအချိန်မှာ မပြီးဆုံးသေးတဲ့ ဒီတိုက်ပွဲကို အတူတကွ ပူးပေါင်းရင်ဆိုင်ရမှာ ဖြစ်တယ်” လို့လည်း Joe Biden က ပြောကြားသွားပါတယ်။

ဆက်လက်ပြီး Thanksgiving ကျေးဇူးတော်နေ့ အခါသမယ ဖြစ်ပေမယ့် မိသားစုအားလုံး အတူတကွ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်မယ့် အခြေအနေ မရှိတဲ့အတွက် မိမိတို့ နေအိမ်မှာပဲ နေကြပြီး ၊ သီးခြားစီ ဆင်နွှဲကြဖို့ကိုလည်း သူ့မိသားစုကို ဥပမာပေးပြီး တိုက်တွန်းသွားပါတယ်။

ဒီ ကိုဗစ် ကပ်ရောဂါကို တားဆီးရေးတာဝန်ဟာ တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ ထမ်းဆောင်ရမယ့် တာဝန်ဖြစ်တယ် ၊ သူ့အနေနဲ့ ရာထူး စတင်လက်ခံတဲ့အချိန်ကစလို့ ဒီရောဂါ ကာကွယ်တားဆီးရေးကိစ္စကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။

ဒီကိစ္စမှာ ပြည်ထောင်စုအစိုးရက လုပ်ဆောင်တာထက် လူပုဂ္ဂိုလ် တဦးချင်းက ပိုမို လုပ်ဆောင်နိုင်တယ် ၊ တဦးချင်းစီရဲ့ ဆုံးဖြတ်လုပ်ဆောင်ချက်ဟာ သိပ်အရေးကြီးတယ်လို့ ဆိုပါတယ်။

အခုအခါမှာ ပြည်သူတွေ စည်းလုံးညီညွတ်ဖို့ လမ်းကြောင်းကို ဦးတည်နေပါပြီ။ မဲပေးသူလူဦးရေ မကြုံစဖူး များပြားခဲ့တဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်ကို စမ်းသပ်ခဲ့ခြင်း ဖြစ်ပြီး ၊ အခုအခါမှာ ပြည်သူတွေအနေနဲ့ မျှော်မှန်းချက် မြင့်မြင့်မားမား ထားရှိကြဖို့ တိုက်တွန်းသွားပါတယ်။

၂၁ ရာစုဟာ အမေရိကန်ရဲ့ ရာစု ဖြစ်လိမ့်မယ် ၊ ဒါဟာ အင်အားနဲ့မဆိုင်ပဲ ဥတုရာသီ ၊ ကင်ဆာ ၊ ဆီးချို စတဲ့ ရောဂါ ပေါင်းစုံ တိုက်ဖျက်ရေးလို နယ်ပယ်မျိုးမှာ ဦးစီးဦးဆောင် သွားနိုင်ဖို့ဆိုလိုခြင်း ဖြစ်တယ်လို့ ဂျိုးဘိုင်ဒန်က ပြောကြားပြီး သူ့ကို ယုံကြည်မှုအတွက် ကျေးဇူးတင်စကား ပြောကြားရင်း ကျေးဇူးတော်နေ့ မိန့်ခွန်းကို အဆုံးသွားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကျေးဇူးတော်နေ့ကို နိုဝင်ဘာလရဲ့ နောက်ဆုံးအပတ် ကြာသပတေးနေ့မှာ နှစ်စဉ် ကျင်းပတာ ဖြစ်ပါတယ်။

VOA News