အကြမ်းဖက်အဖွဲ့ အဖြစ်ကနေ ပယ်ဖျက်ပေးဖို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့တောင်းဆို

12-Nov-2020

အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာကို ပယ်ဖျက်ပေးဖို့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့က ဒီကနေ့တောင်းဆိုလိုက်ပါတယ်။

ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရခိုင့်တပ်မတော် AA တို့ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး အချိန်ကာလတိုးမြှင့် သတ်မှတ်ကြောင်း ကြေညာတဲ့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်း တောင်းဆိုထားတာပါ။

တိုက်ပွဲတွေညှိနှိုင်းပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် မဟာမိတ်သုံးဖွဲ့ဘက်က တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ဒီဇင်ဘာလကုန်အထိ တိုးမြှင့်ရပ်စဲလိုက်ကြောင်း ဖော်ပြထားပါတယ်။

အလားတူ တပ်မတော်ဘက်ကလည်း အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားတဲ့ဒေသတွေကလွဲလို့ ကျန်ဒေသတွေမှာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲထားကြောင်း ကြေညာထားတာပါ။

ရခိုင့်တပ်တော် AA ကို အစိုးရရော၊ တပ်မတော်ကပါအကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာကြောင့် AA တပ်ဖွဲ့တွေ လှုပ်ရှားတဲ့ ရခိုင်ပြည်နယ်ထဲမှာ နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဆက်ရှိနေတာပါ။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ နိုဝင်ဘာလ (၈) ရက်နေ့က ပြည်သူတွေ မဲပေးရွေးချယ်တင်မြောက်လိုက်တဲ့ အစိုးရသစ်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ရေးဆက်လက်လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

Crd RFA