ရန်ကုန်မြို့၌ YBS ဘတ်စ်ကားအစီးရေ ၃၀၀၀ ကျော်ဖြင့် ပြန်လည်ပြေးဆွဲ

08-Jan-2021

ရန်ကုန်     ဇန်နဝါရီ    ၇

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ရန်ကုန်မြို့နှင့် ဆင်ခြေဖုံးမြို့နယ်များအကြား YBS ဘတ်စ်ကားများ ပြေးဆွဲမှုမှာ အခိုက်အတန့် အားဖြင့်  လျော့နည်းကျဆင်းသွားခဲ့သော်လည်း ယခုအခါ နေ့စဉ်အစီးရေ ၃၀၀၀ ကျော်ဖြင့် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

ပြန်လည်ပြေးဆွဲ

“ကိုဗစ်ကာလမှာ ရောဂါဖြစ်ပွားတဲ့ အနည်း အများအပေါ်မူတည်ပြီး နေ့စဉ်ဘတ်စ်ကား ပြေးဆွဲမှု လျော့နည်းကျဆင်းခဲ့ပေမယ့် အခု အစီးရေ ၃၀၀၀ ကျော်  ပြန်ထွက်လာပြီဖြစ်တဲ့ အတွက် ဘတ်စ်ကားစီးရေ   လေးပုံသုံးပုံ ပြန်လည်ပြေးဆွဲနေပြီ  ဖြစ်ပါတယ်။ ခရီးသည် ကတော့ လေးသိန်းခွဲကနေ ငါးသိန်းဆိုတော့ နည်းပါသေးတယ်။ ပုံမှန်ကတော့ ၁၈ သိန်း လောက်ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်  မနက်ပိုင်းနဲ့  ညနေပိုင်းမှာစီးတဲ့သူက များပါတယ်။ နေ့ခင်းမှာသာလျော့သွားတာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA)   အတွင်းရေးမှူး   ဒေါက်တာ မောင်အောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် နေ့စဉ် ယာဉ်လိုင်းပေါင်း ၁၀၀ နီးပါး ယာဉ်စီးရေ ၄၀၀၀ ကျော်ဖြင့် ခရီးသွားပြည်သူများအား ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ ယာဉ်စီးရေ ၃၀၀၀ ကျော် ပြန်လည် ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။

ဖြည့်ဆည်းပံ့ပိုး

YRTA အနေဖြင့် ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပံ့ပိုးပေးလျက် ရှိကြောင်း၊ မော်တော်ယာဉ်များ ပိုးသတ်ဆေးဖျန်းခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ ခရီးသည်များ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင် ကြရန် ယာဉ်လိုင်းတိုင်းတွင် စတေကာများ ကပ်ပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ထို့အပြင် မော်တော်ယာဉ်လိုင်းများအား ကောက်ခံ သည့် စီမံအုပ်ချုပ်မှုစရိတ်ကို မတ်လကတည်းက ကောက်ခံခဲ့ခြင်းမရှိ ကြောင်း ဒေါက်တာမောင်အောင်က ထပ်လောင်းပြောကြားသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကူးစက်မှုအများစုမှာ အဲကွန်းအလုံပိတ်အခန်းများကြောင့် ဖြစ်ကြောင်း၊ လူစုလူဝေး ဖြစ်စေ သော  အဲကွန်းအခန်းများကို  ရှောင်သင့်ကြောင်း၊  လူတိုင်းလူတိုင်း နှာခေါင်းစည်းတပ်ဆင်ကြခြင်းဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွား မှု လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

အကောင်းဆုံးနည်းလမ်း

ယခုအခါ ရန်ကုန်မြို့တွင် လူတိုင်း နှာခေါင်းစည်းကို တပ်လာကြ ပြီဖြစ်ကြောင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းသည် အခြားသူဆီက ရောဂါပိုးကို မိမိထံမရောက်ရှိစေရန် တားဆီးခြင်း ဖြစ်သလို မိမိထံမှ ရောဂါပိုး ကို အခြားလူအား မကူးစက်နိုင်၍ ရောဂါထိန်းချုပ်ရန် အကောင်းဆုံး နည်းလမ်းပင်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။

မြင့်မောင်ကျော်