အမေရိကန်ပြည်နယ်အားလုံး၏ မဲရလဒ်များအရ ဂျိုးဘိုင်ဒင်က သမ္မတဖြစ်ရန် လိုအပ်သည့်ထောက်ခံမဲအရေအတွက်ထက် ပိုမိုရရှိ

15-Nov-2020

ဝါရှင်တန်   နိုဝင်ဘာ  ၁၄

အမေရိကန်ရွေးကောက်ပွဲပြီးနောက် ပြည်နယ်အားလုံး၏ မဲရလဒ်များအရ ဂျိုးဘိုင်ဒင်က သမ္မတဒေါ်နယ်ထရမ့်ထက် ထောက်ခံမဲ ပိုမိုရရှိသည့်အပြင် သမ္မတတစ်ဦးဖြစ်ရန် လိုအပ်သည့်ထောက်ခံမဲ အရေအတွက်ထက်ပင် ကျော်လွန် ရရှိခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

ဂျိုးဘိုင်ဒင်က  ဂျော်ဂျီယာပြည်နယ်တွင် ထောက်ခံမဲ အသာစီးဖြင့် အနိုင်ရရှိခဲ့ပြီး သမ္မတထရမ့်က မြောက်ကယ်ရို လိုင်းနားပြည်နယ်တွင် ထောက်ခံမဲအသာစီးရရှိခဲ့ကြောင်း အေဘီစီသတင်းဌာနက ယနေ့သတင်းဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်နယ် အားလုံး၏မဲရလဒ်များအရ ဂျိုးဘိုင်ဒင်က ထောက်ခံမဲ ၃၀၆ မဲရရှိကာ သမ္မတတစ်ဦးဖြစ်ရန် လိုအပ်သည့် ထောက်ခံမဲ အရေအတွက် ၂၇၀ ထက်ပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ သမ္မတထရမ့်က ထောက်ခံမဲ ၂၃၂ မဲသာ ရရှိခဲ့ကြောင်း သိရသည်။

ထောက်ခံမဲရရှိရန် ခက်ခဲသည့် အဓိကပြည်နယ်များ တွင် မဲရေတွက်မှုအပေါ် ကျေနပ်မှုမရှိသည့်အတွက် သမ္မတ ထရမ့်၏ အောင်နိုင်ရေးအဖွဲ့က တရားစွဲဆိုမှုများ  လုပ်ဆောင် ခဲ့သည်။

သို့သော် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်တွင် မဲရေတွက်မှုနှင့်ပတ်သက်ပြီး တရားစွဲဆိုထားမှုကို သမ္မတ ထရမ့်၏ အောင်နိုင်ရေးအဖွဲ့က  မကြာသေးမီရက်များအတွင်း ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

အလားတူ အရီဇိုးနားပြည်နယ်တွင် မဲရေတွက်မှုအပေါ်  တရားစွဲဆိုထားမှုကိုလည်း  ပြန်လည်ရုပ်သိမ်းပေး မည်ဖြစ်ကြောင်း ထရမ့်၏အောင်နိုင်ရေးအဖွဲ့က လွန်ခဲ့သော သီတင်းပတ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

 ဘာသာပြန်- အောင်ကျော်ကျော်