ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော မြို့လယ်နမ္မတူမြစ်ကူးတံတားသစ် စက်တင်ဘာလကုန်တွင် ပြီးစီးတော့မည်

29-Sep-2020

နမ္မတူ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော မြို့လယ်နမ္မတူမြစ်ကူးတံတားသစ် စက်တင်ဘာလကုန် တွင် တည်ဆောက်ပြီးစီးတော့မည်ဟု တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၄)မှ သိရသည်။

အဆိုပါ မြို့လယ်နမ္မတူမြစ်ကူးတံတားသစ်မှာ သီပေါ-နမ္မတူ-မန်တုံလမ်းမနှင့် လားရှိုး-နမ္မတူ-မန်တုံးလမ်းမပေါ်တွင်တည်ရှိပြီး နမ္မတူမြို့နယ်မြို့အလယ်တွင် ဖြတ်သန်းစီးဆင်းနေသည့် နမ္မတူမြစ်ပေါ်တွင် နမ္မတူရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်တို့ကိုဆက်ကာ တည်ဆောက်ထားသည့် တံတားတစ်စင်းဖြစ်သည်။

မြို့လယ်နမ္မတူမြစ်ကူးတံတားအမျိုးအစားမှာ တံတားအပေါ်ထည် Steel Plate Girden သံကူကွန်ကရစ်ရက်မ၊ သံကူကွန်ကရစ်ကြမ်းခင်း၊ အောက်ထည် သံကူကွန်ကရစ် တိုင်ကိုယ်ထည်၊ အုတ်မြစ်လေးပေ Spun Pipe, ရှစ်ပေ Well & ၁၂ ပေ Caissoni၊ တံတားအရှည် ပေ ၂၈၀၊ တံတားခန်းဖွဲ့ ပေ ၄၀ တစ်ခန်း၊ ပေ ၁၄၀ တစ်ခန်း၊ ပေ ၆၀ တစ်ခန်း၊ ပေ ၄၀ တစ်ခန်း၊ ရေလမ်းကင်းလွတ်အကျယ် ၁၂၈ ပေ၊ ရေလမ်းကင်းလွတ်အမြင့် သုံးပေ၊ ယာဉ်သွား လမ်းအကျယ်၂၄ ပေ၊ လူသွားလမ်းအကျယ် သုံးပေ နှစ်ဖက်၊ ခွင့်ပြုယာဉ်အလေးချိန် HL-93 Load Class ဖြတ်သန်း သွားလာခွင့်ရမည်ဖြစ်သည်။

ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၁၁၈၇ ဒသမ ၆၅ သန်းဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် တံတားဦးစီး ဌာနတံတားအထူးအဖွဲ့(၄)ကတာဝန်ယူ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းတွင် အပြီး တည်ဆောက်ပြီးစီးသွားမည်ဟု တံတားဦးစီးဌာန တံတား အထူးအဖွဲ့ (၄)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရ သန်းက ပြောသည်။

နမ္မတူမြို့နယ် မြို့လယ်နမ္မတူမြစ်ကူးတံတားသစ် တည်ဆောက်ပြီးစီးပါက တွဲကားများပါ ဖြတ်သန်းခွင့် ရရှိတော့မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုမှာ မန်တုံမြို့နယ် သာမက မုံးဝီးလမ်းကြောင်းပါ သွားလာခွင့်ရမည် ဖြစ်ကာ နမ္မတူမြို့နယ်နှင့် မန်တုံမြို့နယ်တို့အတွင်းရှိ ဒေသခံ ပြည်သူများ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

လူမော်(ပြန်/ဆက်)