ရန်ကုန်ဆိပ်ကမ်းသမိုင်း၌ ပထမဆုံးအဖြစ် တန်ချိန်တစ်သိန်းကျော်ရှိသင်္ဘော သီလဝါဆိပ်ကမ်းသို့ အောင်မြင်စွာဆိုက်ကပ်နိုင်ခဲ့

27-Nov-2020

ရန်ကုန် နိုဝင်ဘာ ၂၆

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စီမံကြီးကြပ်မှုအောက်ရှိ ရန်ကုန်ဆိပ်ကမ်းသမိုင်း၌ ပထမဆုံးအဖြစ် တန်ချိန်တစ်သိန်းကျော်ရှိ CNTIC VPOWER ENERGY သင်္ဘောသည် (အောက်ပုံ) ယနေ့နံနက်ပိုင်းတွင် သီလဝါဆိပ်ကမ်းတံတား အကွက်အမှတ် (၁၄) Dolphin Jetty သို့ အောင်မြင်စွာ ဆိုက်ကပ်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်မီးလိုအပ်ချက်ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်ရန် ရောက်ရှိလာသော အဆိုပါသင်္ဘောသည် စင်ကာပူ နိုင်ငံမှ လွန်းတင်ပြင်ဆင် ခုတ်မောင်းလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ငါးနှစ်တာဆိုက်ကပ်ထားမည်ဖြစ်ကြောင်း သိရသည်။ အလျား ၂၇၂ မီတာ ရှည်ပြီး တန်အားဖြင့် ၁၀၆၂၈၃ မက်ထရစ်တန်ရှိသော သဘာဝဓာတ်ငွေ့ရည် တင်သင်္ဘောကြီးသည် ပင်လယ်ဝသို့ ရောက်ရှိလာပြီးနောက် မြန်မာ ရေကြောင်းပြမှူးက နိုဝင်ဘာ ၂၅ ရက် ညမှစတင်ကာ သင်္ဘောကို လက်ခံ ရယူပြီး

ဦးဆောင်မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်တစ်လျှောက် သင်္ဘောကြီးကို ထိန်းသိမ်းမောင်းနှင်လာမှုနှင့် ပတ်သက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဒုတိယရေကြောင်းဌာနမှူးချုပ် ဦးဝင်းမြင့်အောင်က “ကျွန်တော် စတက်လာပြီး ဒီသင်္ဘောကြီးက အလွန် ရှည်တဲ့အခါကျတော့ ရေလမ်းကြောင်းအတွင်းမှာ လှည့်လို့မဖြစ်နိုင်တော့ ဆွဲသင်္ဘောနဲ့ထိန်းပြီး ကျောက်ချရပါတယ်။

သဘာဝဓာတ်ငွေ့ ရည်ဆိုတာအလွန်အန္တရာယ်များတဲ့ကုန်ပစ္စည်းပါ။ ကျောက်ချတဲ့အခါမှာလည်း ဂီယာနဲ့ တစ်ထစ်ချင်း ချရပါတယ်။ ကျောက်ချတဲ့အချိန်ဆိုရင် မိနစ် ၄၀ လောက်ရှိ ပါတယ်။ မနက်ပိုင်း ရေစစ်ချိန်မတိုင်ခင်ကတည်းက ၂၅ မိနစ်လောက် ကြိုပြီး ကျောက် မပါတယ်။ ရေမတက်ခင် ရေအီတဲ့အချိန်ကိုချိန်ပြီး လှည့်ကပ်ရခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခင်က ရန်ကုန်မြစ်အတွင်းကို အလျားမီတာ ၂၀၀၊ တန်ချိန် သုံးသောင်း ခန့်နှင့် ရေစူး ၉ မီတာအနက်ရှိသော သင်္ဘောများသာ ဝင်ထွက်သွားလာနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်မှစ၍ ရန်ကုန်အတွင်း ဆိပ်ကမ်းများကို ရေစူး ၉ ဒသမ ၃ မီတာအထိလည်းကောင်း၊ အပြင်ဆိပ်ကမ်းများဖြစ်သော သီလဝါ ဆိပ်ကမ်းများကို ၉ ဒသမ ၅ မီတာအထိလည်းကောင်း တိုးမြှင့်ခွင့်ပြုပေးနိုင်ခဲ့ ကြောင်း သိရသည်။

ယနေ့ရောက်ရှိလာသော အဆိုပါသင်္ဘောသည် နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသဘာဝဓာတ်ငွေ့ရည်အသုံးပြု ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းများဖြစ်သည့် တစ်နှစ်လျှင် မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်မည့် သီလဝါဆိပ်ကမ်းဒေသစီမံကိန်းနှင့် မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မည့် သာကေတ စီမံကိန်းများသို့ သဘာဝဓာတ်ငွေ့ရည် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်္ဘောအဆင်ပြေချောမွေ့ အန္တရာယ်ကင်းစွာ ဆိုက်ကပ်နိုင်ရေး အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ရန်ကုန်မြစ်အတွင်းမှ အနီးကပ်ညွှန်ကြားမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်မြစ်အတွင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလခန့်မှစတင်ကာ ၁၀ မီတာအထိ ရေစူးရှိသော သင်္ဘောကြီးများကို ဝင်ရောက်ဆိုက်ကပ်နိုင်ရေးအတွက် ခွင့်ပြု ပေးရန် လျာထားကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)

ဓာတ်ပုံ - လင်းညွန့်