အစိုးရဖွဲ့ဖို့ အများစု နိုင်ခြေရှိနေတဲ့ NLD

09-Nov-2020

ပြည်ထောင်စုလွှတ်တော်မှာ ၃၉၀ ကျော်နေရာ အနိုင်ရထားပြီလို NLD ပါတီ ကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ နေရာ ၃၉၀ ကျော်အနိုင်ရရှိထားပြီလို့ NLD ပါတီရဲ့ ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင် ဦးကျော်ထွေးက ဘီဘီစီကို ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု လွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ် ၄၇၆ ဦးနဲ့ (ရွေးကောက်ပွဲ မလုပ်ဖြစ်တဲ့ မြို့နယ်တွေ က ကိုယ်စားလှယ် ၂၂ ဦးနုတ်ထားပြီး) တပ်မတော်သားအစုအဖွဲ့က ကိုယ်စားလှယ် ၁၆၆ ဦးရှိပါတယ်။ အဲဒီထဲက NLD ပါတီအနေနဲ့ အနည်းဆုံး ၃၂၂ ဦး နိုင်ခဲ့ရင် သူတို့ပါတီက တင်မြှောက်ချင်တဲ့ သမ္မတကို ရွေးချယ်နိုင်ပြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ပြည်ထောင်စုလွှတ်တော်မှာ ၃၉၀ သာအနိုင်ရရှိခဲ့ပြီး အများစုကတော့ တိုင်းဒေသကြီး ၇ ခုမှာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးတွေမှာ နှစ်နေရာသာရှုံးထားပြီး ၂၈၉ ဦး အနိုင်ရရှိနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်မှာ ၉ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၂ နေရာ စုစုပေါင်း ပြည်ထောင်စုလွှတ်တော်မှာ ၁၁ နေရာ ရှုံးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မဲတွေပေါင်းပြီးတဲ့အချိန်ထိ ပြည်နယ်တွေထဲက ချင်း၊ ကချင်နဲ့ ကရင် ပြည်နယ်တွေမှာ အများစု အနိုင်ရခဲ့တယ်လို့ ပါတီဘက်က ပြောပါတယ်။

ဒါပေမဲ့ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာတော့ ၂၀၁၅ တုန်းက နိုင်ခဲ့တဲ့ နယ်မြေအချို့ ၂၀၂၀ မှာ ရှုံးတာရှိပါတယ်။ ရှမ်းပြည်နယ်မှာတော့ ၂၀၁၅ ခုနှစ်ကထက် ပိုမိုနိုင်တာရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် အောင်နိုင်ရေး တာဝန်ခံ ဦးစိုးညွန့်လွင်က ပြောပါတယ်။

ဒီရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ထုတ်ပြန်ဖို့ တော့ လိုပါသေးတယ်။

Crd BBC News