အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သည့် တပ်ဖွဲ့ဝင် ၂၀၀ နီးပါး ဗိုင်းရပ်စ်ကူးစက်ခံရ

24-Jan-2021


ဝါရှင်တန်    ဇန်နဝါရီ    ၂၃ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်း အနားတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်၂၀၀ နီးပါး ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရကြောင်း ယမန်နေ့သတင်းများအရ သိရသည်။ 
သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲတွင်  တာဝန်ထမ်းဆောင် ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅၀၀၀ ကျော်ရှိသည့်အနက်  တပ်ဖွဲ့ဝင် ၂၀၀ နီးပါး ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။ 

အမေရိကန်နိုင်ငံ၌         ဗိုင်းရပ်စ်ကူးစက်မှုကြောင့် လွန်ခဲ့သည့် နှစ်ရက်ဆက်တိုက်အတွင်း သေဆုံးသူ တစ်ရက် လျှင် ၄၀၀၀  ကျော်ရှိပြီး လက်ရှိအချိန်အထိ  ဗိုင်းရပ်စ် ကူးစက်မှုကြောင့်    သေဆုံးသူပေါင်း   ၄၂၄၂၃၀   ရှိခဲ့ပြီ   ဖြစ်သည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  လုံခြုံရေးတာဝန်များ  မထမ်းဆောင်မီ အပူချိန်တိုင်းတာမှုများခံယူခြင်း၊ ရောဂါရှိ၊   မရှိ စစ်ဆေးမှုများခံယူခြင်းစသည့် ရောဂါထိန်းချုပ်ရေးနှင့်  ကုသရေးစင်တာမှ ချမှတ်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပြီးမှသာ          မြို့တော်ဝါရှင်တန်သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား  ပြီးဆုံးသွားသည့် အတွက်    လုံခြုံရေးတပ်ဖွဲ့ဝင်များက    ၎င်းတို့နေရပ်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၇၀၀၀ ခန့်သာ ဝါရှင်တန်မြို့တွင် ယခုလကုန်ပိုင်းအထိ  လုံခြုံရေး တာဝန်များ  ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း  သိရသည်။ 
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀၀၀ ခန့်သည် မတ်လ ကုန်အထိ  လုံခြုံရေးတာဝန်များ  ဆက်လက်တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။  သို့သော်  လုံခြုံရေးတပ်ဖွဲ့ဝင် အရေအတွက်နှင့် တာဝန်ထမ်းဆောင်သည့် အချိန်ကာလ သည် ပြောင်းလဲမှုများရှိနိုင်ကြောင်း နိုင်ငံတော်လုံခြုံရေး တပ်ဖွဲ့က ဆိုသည်။ 

ယမန်နေ့အထိ   အမေရိကန်နိုင်ငံ၌      ပြည်သူ ၁၉၁၀၇၉၅၉ ဦးအား ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း နှင့် Moderna  ကာကွယ်ဆေးနှင့် Pfizer-BioNTech တို့မှ ထုတ်လုပ်သည့် ကာကွယ်ဆေးအလုံးရေပေါင်း ၃၉၈၉၂၄၀၀  ကို ပြည်နယ်များသို့ ဖြန့်ချိပေးပြီးဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကုသရေးစင်တာက   ပြောကြား  ခဲ့သည်။   
                                        ကိုးကား- စီအင်န်အေ
ဘာသာပြန်- အောင်ကျော်ကျော်