ရန်ကုန်မြို့ ယုဇနပလာဇာကို ဇန်နဝါရီ ၆ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

26-Dec-2020

ရန်ကုန် ဒီဇင်ဘာ ၂၅

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သုံးလကြာ ပိတ်ထားရသည့် ရန်ကုန် မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇန ပလာဇာကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ရက်တွင် ကျန်းမာရေးစည်းကမ်းနှင့် အညီ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး  မင်္ဂလာဈေးကို ဆက်လက်ဖွင့်လှစ်သွား နိုင်ရန် စစ်ဆေးပြင်ဆင်ဆောင်ရွက်နေ ကြောင်း သိရသည်။

“ယုဇနပလာဇာကတော့ လာမယ့်  ဇန်နဝါရီ ၆ ရက်မှာ ဖွင့်မှာပါ၊ မင်္ဂလာဈေးကတော့ မဖွင့်သေးဘူး။ ယုဇန ပလာဇာကအခြေအနေကိုစောင့်ကြည့် ပြီးတော့ ကောင်းတယ်။ ဆက်ပြီးတော့ ထိန်းနိုင်တယ်ဆိုရင် မင်္ဂလာဈေး ကို ဆက်ဖွင့်မယ်။ လောလောဆယ် ကာလမှာကတော့ မင်္ဂလာဈေးက ဆိုင်ခန်းတွေ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကာအကွယ်လုပ်ဖို့ အဆင်သင့် ဖြစ်ဖို့ ဒီရက်ပိုင်းမှာ ညှိနှိုင်းပြီးတော့ ပြင်ဆင်ဆောင်ရွက်မယ်၊ အဆင်သင့် လုပ်ထားတယ်။ ယုဇနပလာဇာဘက် က အဆင်ပြေတာနဲ့ မင်္ဂလာဈေး ဘက်က ဆိုင်ခန်းတွေကို ဆက်ဖွင့်သွားမယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးလှဌေးကပြောသည်။

ဆိုင်ခန်းခများကို ဖြေလျှော့ပေး နိုင်ရန်မှာ မင်္ဂလာဈေးမှဆိုင်ခန်းများ အနေဖြင့် တစ်ဆင့်ငှားရမ်းသည့် ဆိုင်ရှင်များကလည်းကောင်း၊ ယုဇန ပလာဇာမှ ဆိုင်ခန်းများအနေဖြင့် ယုဇနကုမ္ပဏီနှင့် ဆိုင်ငှားရမ်းသူများ အချင်းချင်း သက်ဆိုင်ကြောင်း၊ မကြာသေးမီက (Yuzana Plaza Private Market) ယုဇနပလာဇာရှိဆိုင်ခန်းများ ကို အဆင့်သင့်ဖြစ်စေရန် ကြည့်ရှု စစ်ဆေးထားကြောင်း သိရသည်။

ယုဇနပလာဇာဈေးကြီး အုပ်ချုပ်မှု တာဝန်ခံ ဦးမင်းမင်းစိုးက ဒီဇင်ဘာ ၂၃ ရက်တွင် ယုဇနပလာဇာရှိ ဆိုင်ခန်း များ ဈေးရောင်း၊ ဈေးဝယ်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ထံသို့ တင်ပြထားပြီး ဇန်နဝါရီ ၆ ရက် တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

သန့်ဇင်ဝင်း