မြန်မာ့အနာဂတ် လေ့လာသူတွေ အကောင်းမြင်

14-Nov-2020

ရွေးကောက်ပွဲအပြီးမှာ NLD၊ AA နဲ့ တပ်မတော်ရဲ့ ကြေညာချက်တွေအပါအဝင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ စိတ်ဝင်စားစရာ ပြောင်းလဲမှုတချို့ ပေါ်ထွက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း NLD က တိုင်းရင်းသားပါတီတွေကို လက်တွဲဖို့ ကြေညာချက်ထုတ်ပြန်က မ်းလှမ်းခဲ့ပါတယ်။ ဒီအတောအတွင်းမှာပဲ  AA ပါဝင်တဲ့ ညီနောင် ၃ ဖွဲ့က ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့တဲ့ဒေသတွေမှာ ရွေးကောက်ပွဲကျင်းပဖို့  တိုက်တွန်းစာတစောင်ထုတ်ပြန်ခဲ့သလို တပ်မတော်ကလည်း အဲဒီစာကို ကြိုဆိုခဲ့ပါတယ်။ 

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က တပ်မတော်အနေနဲ့ AA ကို အကြမ်းဖက်အဖွဲ့ဆိုတဲ့ အသုံးအနှုန်း မပါတော့ဘဲ အခုလို သဘောတူထောက်ခံလိုက်တဲ့အတွက် သူအင်မတန် အံ့သြသွားခဲ့ရတယ်လို့ ပြောပါတယ်။

"တပ်ချုပ်က အခု သူ အသက် ၆၅ နှစ်ထဲလည်း ဝင်လာခဲ့ပြီ။ တပ်ချုပ်အနေနဲ့လည်း သူ ဆယ်စုနှစ်နီးပါး လုပ်လာခဲ့ပြီးပြီ။ အဲတော့ နောက်အဆင့်တွေကိုလည်း သူ့အနေနဲ့ နေရာပေးဖို့ စဉ်းစားဖို့ အချိန်ရောက်လာပြီ။ ၂ဝဝ၈ ဖွဲ့စည်းပုံက ပေးထားချက်အရဆိုရင် သူက ဒု-သမ္မတတော့ ဖြစ်နိုင်တာပေါ့။ သူ့အနေနဲ့ ကတော့ ဒုသမ္မတလောက်ကို တန်းတူတယ်လို့ ထင်မှာမဟုတ်ဘူးလို့ ကျနော်ယူဆတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုလည်း သူအားကိုးရဖို့ သိပ်အဆင်မပြေနိုင်တော့ဘူး သူ့ရဲ့နိုင်ငံရေးအနာဂတ်က။ အဲဒါကြောင့် သူအဲဒီကနေ ရုန်းပြီးတော့ သူ့အနေနဲ့ စဉ်းစားစရာ ၂ ခု ရှိတာပေါ့။ တခုက သူ့ကို သမ္မတအဖြစ် ခန့်ဖို့အတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်ပြောဆိုမှုတွေ ပုံသဏ္ဍာန်တမျိုးနဲ့ လုပ်ပြီးတော့ ရနိုင်တာက တမျိုး။ နောက်တမျိုးက သူဟာ ဘာဘဲဖြစ်ဖြစ် ကာကွယ်ဦးစီးချုပ်အနေနဲ့ ဒုသမ္မတတော့မလုပ်တော့ဘူး အနားယူမယ်။ အဲလိုအနားယူတဲ့အချိန်မှာ ဗမာပြည် ပြည်တွင်းစစ်ကို ရပ်စဲအောင် အုတ်မြစ်ချပေးခဲ့တဲ့ လူတယောက်ရဲ့ သမိုင်းအခန်းမျိုး သူရချင်တာလား။ အဲဒီမှာ ကျနော်ထင်တာ ပထမအလားအလာက သိပ်မဖြစ်နိုင်ဘူး။”

တပ်မတော်အနေနဲ့ ဆက်လက်ပြီး ဖြေလျှော့မှုတွေ အများအပြားဆောင်ရွက်လိမ့်မယ်လို့ ယူဆကြောင်းနဲ့  AA အနေနဲ့လည်း ဖမ်းဆီးထားတဲ့ NLD ကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ပြန်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဦးသန်းစိုးနိုင်ကပြောပါတယ်။

မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကလည်း NLD က တိုင်းရင်းသားတွေကို ဖိတ်ခေါ်လိုက်တာဟာ အင်မတန်ကောင်းတဲ့ အချက်ဖြစ်တယ်လို့ ပြောဆိုရင်း မြန်မာပြည်သူတွေဟာ လွတ်လပ်စွာရွေးကောက်တင်မြှောက်ခွင့်ရရင် ဘယ်တော့မှ မမှားခဲ့ဖူးလို့ ဝေဖန်လိုက်ပါတယ်။

“တခုက NLD ကိုထောက်ခံတာလဲ ပါတယ်။ ဒုတိယက - စစ်တပ်နဲ့ပတ်သက်လာရင် ပြည်သူတွေရဲ့ပြတ်သားမှုကို ကြာလေတွေ့ရလေပဲ။ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း စစ်တပ်က အားပေးတယ်လို့ထင်တဲ့ တည်မြဲကို အပြတ်အသတ် ဖယ်ချလိုက်တာပဲ။ နိုင်ငံတကာကလည်း အခု တော်တော်ချီးကျူးတယ်။ တရုတ်ပြည် Global Times က ဆောင်းပါးတွေ ၂ စောင် ၃ စောင်ရေးတယ်။ ဗမာပြည်ကို ချီးကျူးတာပေါ့။ စစ်တပ်အနေနဲ့လည်း ပြည်သူလူထုက ဒီလောက် ကိုယ့်ကို နိုင်ငံရေးက ထွက်စေချင်ရင် နိုင်ငံရေးကနေ ဘယ်လို ဂုဏ်သိက္ခာရှိရှိ ထွက်မလဲဆိုတာကို စဉ်းစားဖို့ ကောင်းတယ်။ အခု ရွေးကောက်ပွဲအပြီးမှာ စစ်တပ်က ငြိမ်းချမ်းရေးကိစ္စတွေ ပြန်လုပ်လာမယ်ဆိုတာ၊ ကြားဖြတ်ရွေးကောက်ပွဲကို ပြန်လုပ်ပေးမယ်ဆိုတာတွေ ကောင်းတဲ့ လက္ခဏာလို့မြင်ပါတယ်။ NLD အမတ်များအနေနဲ့ကလည်း အဲဒီလောက် ပြည်သူလူထုက ကိုယ့်ပေါ်မှာ အသက်စွန့်ပြီးပေးလိုက်တဲ့ mandate ပေါ့နော်။ အခွင့်အရေးကို တန်ဖိုးထားလိမ့်မယ်။ ကောင်းအောင်လုပ်ကြမှာပဲလို့ ယုံပါတယ် ကျမ"

အခုအချိန်ဟာ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ယုံကြည်မှုတည်ဆောက်ရမယ့် အချိန်ဖြစ်တယ်လို့လည်း ဒေါက်တာလှကျော်ဇောက ပြောပါတယ်။ အခုလို နိုင်ငံရေးလေ့လာသူတွေရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ကြိုးစားခဲ့ ပေမယ့် ဖုန်းဆက်သွယ်လို့ မရခဲ့ပါဘူး။

လန်ဒန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း NLD အနေနဲ့ အစိုးရသက်တမ်းအသစ်မှာ သူတို့ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ရရှိရေးအတွက် ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။  

“ဒေါ်အောင်ဆန်းစုကြည်အစိုးရက ၂ဝ၂ဝ မြန်မာနိုင်ငံရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသားနိုင်တယ်။ ဒီဟာမှာကြည့်ခြင်းအားဖြင့် မြန်မာပြည်သူတွေက စစ်တပ်ကို ဘယ်လောက်မုန်းတီးတယ်ဆိုတာ သက်သေပြနေပါတယ်။ ဒေါ်စု အစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ပြီးတော့ ကျနော်တို့ ရိုဟင်ဂျာတွေ နိုင်ငံသားအခွင့်အရေးတွေ ပြန်ပေးဖို့ လိုအပ်မယ်။ အဲဒါကျမှ ကျနော်တို့နိုင်ငံကို တကမ္ဘာလုံးက စီးပွားရေးတွေ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ပိုပိုပြီး များလာနိုင်တယ်။ အဲဒီအတွက် နိုင်ငံကလည်း ပိုကောင်းလာလိမ့်မယ်။”

ဦးထွန်းခင်က လာမယ့် အစိုးရသက်တမ်းအတွင်း မြန်မာပြည်မှာ တိုင်းရင်းသားတွေ လူ့အခွင့်အရေးတွေ ပိုမိုရရှိဖို့ သူမျှော်လင့်တယ်လို့လည်း ပြောပါတယ်။

Crd RFA