ဝိုင်းမော်တွင် တရုတ်တစ်သျှူးငှက်ပျောတင် ကားသမား ၄၀၀ ကျော် ကိုဗစ်-၁၉ စစ်ဆေး

18-Nov-2020

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်နဲ့ နို၀င်ဘာ ၁၄ ရက်ကစတင်ပြီး တရုတ်တစ်သျှူးငှက်ပျော ကုန်တင်ကားအစီး ၄၀၀ ကျော်ရဲ့ ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေကို Test Kit နဲ့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခဲ့တယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနကနေ သိရပါတယ်။

အရင်က ကားသမားတွေကို ကွာရန်တင်းနှစ်ပတ်ထားပြီး‌ ရောဂါပိုးစစ်ဆေးခဲ့ပေမယ့်လည်း ဒါဟာ အချိန်မီ ကုန်တင်ပို့ရတဲ့ကားသမား‌တွေ၊ တချို့ကုန်ပစ္စည်းတွေက ကြာကြာထားမရတာတွေ ရှိတဲ့ ကုန်တင်ကားသမားတွေအတွက် အဆင်မပြေလို့  ကွာရန်တင်းကိုဖြေလျော့ပြီး ပြည်နယ် အစိုးရက ကျန်းမာရေးစစ်ဆေးဖို့ညွှန်ကြားတာဖြစ်တယ်လို့ မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့က ပြောပါတယ်။

လက်ရှိမှာ ကားသမားနဲ့ ယာဉ်နောက်လိုက်စပယ်ယာ ၄၀၄ ဦး ကို စစ်ဆေးပြီးပေမယ့်လည်း ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။

ပိုးမတွေ့ပေမယ့် ကားသမားတွေအနေနဲ့ ငှက်ပျောခြံမှ သတ်မှတ်ထားတဲ့ လမ်းကြောင်း အတိုင်း ကန်ပိုက်တီနယ်စပ်မှတဆင့် တရုတ်ပြည်နယ်စပ်သို့ ကုန်တင်ပို့ပြီးတာနဲ့ တပြိုင်နက် လူထူထပ်ရာသို့မသွားဘဲ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ် စည်းကမ်းနဲ့အညီ လိုက်နာနေထိုင်ဖို့ ကတိပြုတာတွေရှိတယ်လို့ ဒေါက်တာသိန်းမြို့ကပြောပါတယ်။

ပြည်တွင်းကားသမားတွေအနေနဲ့ နှစ်ပတ် တစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရမှာ ဖြစ်ပြီး တရုတ်ပြည်ဘက်မှာလည်း နယ်စပ်မှာ ထပ်ဆင့် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့  သိရပါတယ်။

သတင်း – ဇုန်းကျန်း CJ

Crd DVB News