COVID-19 မူရင်းအစသိရဖို့ WHO အစွမ်းကုန် ကြိုးပမ်းမည်

01-Dec-2020

ကမ္ဘာတလွှား COVID-19 ဖြစ်ပွားသူ ၆၂ ဒသမ ၇ သန်းရှိပြီး အမေရိကန် ပြည်ထောင်စုမှာ ၁၃ ဒသမ ၃ သန်း ရှိနေတယ်လို့ Johns Hopkins ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ စာရင်းတွေက ဖော်ပြပါတယ်။

COVID-19 ဖြစ်ပွားမှုမှာ အမေရိကန် ပြည်ထောင်စုက အများဆုံး ဖြစ်နေပြီး ဒုတိယ အများဆုံး အိန္ဒိက ၉ ဒသမ ၃ သန်း၊ တတိယ အများဆုံး ဘရာဇီလ်းက ၆ ဒသမ ၃ သန်း အသီးသီး ရှိနေပါတယ်။ COVID 19 စတင် ဖြစ်ပွားစေတဲ့ တိရိစ္ဆာန်ကို ရှာဖွေ ဖော်ထုတ်နိုင်ဖို့ အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ WHO အကြီးအကဲက တနလာၤနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဘယ်က စဖြစ်သလဲဆိုတာကို သိလိုပြီး စဖြစ်ရတဲ့ ဇစ်မြစ်ကို သိရဖို့ အစွမ်းကုန် ဆောင်ရွက်မှာ ဖြစ်တယ်" လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

တချိန်တည်းမှာဘဲ ဘရာဇီလ်းနဲ့ မက္ကဆီကို နိုင်ငံတွေမှာ COVID-19 ဖြစ်ပွားမှုက ရုတ်ချည်း အခြေအနေဆိုးလာတဲ့ အပေါ် စိုးရိမ်ကြောင်း၊ ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကို တားဆီးနိုင်ရေး အထူး အာရုံစိုက် ဆောင်ရွက်ဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က တနလာၤနေ့မှာ တိုက်တွန်းထားပါတယ်။

ဘရာဇီလ်းမှာ COVID ကြောင့် သေဆုံးသူ ၁၇၂၀၀၀ ကျော်ရှိပြီး အမေရိကန် ပြည်ထောင်စု ပြီးရင် ဒုတိယမြောက် သေဆုံးမှု အများဆုံး ဖြစ်ပါတယ်။ မက္ကဆီကို နိုင်ငံမှာတော့ COVID 19 ကြောင့် သေဆုံးသူက နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ၁၀၀,၀၀၀ ကျော် ရှိခဲ့ပြီး အဲဒီနောက်ပိုင်းမှာ သေဆုံးသူ ၅၀၀၀ ထပ်ပြီး တိုးလာခဲ့တာပါ။ ဒီသီတင်းပတ်ကုန်ပိုင်း အလွန်မှာ ပထမဆုံး အကြိမ်နဲ့ တနေ့တာ ကူးစက်မှု နှုန်းကလည်း ၁၂,၀၀၀ ကျော်ထိ ရောက်ရှိခဲ့ပါတယ်။

VOA News