ဒီးမော့ဆိုမြို့နယ်၌ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၆၃ ဦးအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေး

14-Nov-2020

ဒီးမော့ဆို နိုဝင်ဘာ ၁၃

ကယားပြည်နယ်၌ ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက် ရန်အတွက် နိုဝင်ဘာ ၅ ရက် ညနေပိုင်းက မကွေးမြို့နယ်မှ ဒီးမော့ဆိုမြို့နယ် ကပ္ပာယ်ခူပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ဝင်ရောက်လာသူ သုံးဦး၏ ဓာတ်ခွဲနမူနာကို တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ နိုဝင်ဘာ ၁၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်တွင် အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။

အဆိုပါ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ ဒီးမော့ဆိုမြို့နယ် ကပ္ပာယ်ခူပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် အသွားအလာ ကန့်သတ်ထားသော အခြေခံပညာအထက်တန်းကျောင်း (ဒီးမော့ဆို)တို့မှ တာဝန်ကျဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၆၃ ဦးအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်း ရှိ၊ မရှိ Rapid Test Kit ဖြင့် နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်း မရှိကြောင်း သိရသည်။

ပိုးတွေ့လူနာသည် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံ မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ကယားပြည်နယ်တွင် ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် လာရောက် ခြင်းဖြစ်ကြောင်း၊ အခြေခံပညာ အထက်တန်းကျောင်း (ဒီးမော့ဆို)တွင် အသွားအလာ ကန့်သတ်ထားသူ ၃၁ ဦး ကိုလည်း ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရီရယ်(ပြန်/ဆက်)