ရထားနဲ့ အဝေးပြေးခရီးသည်တင်ကား ကန့်သတ်မှုတွေ ဆက်ထားမည်

15-Dec-2020

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် အများပြည်သူ သွားလာရာမှာ အသုံးပြုတဲ့ အဝေးပြေးကားတွေနဲ့ မီးရထားတွေကို ဆက်လက် ကန့်သတ်ထားဦးမယ့်အကြောင်း တင်ပြပါမယ်။

ပြည်တွင်းလေကြောင်း ခရီးစဉ်တွေကို ဒီတပတ်ထဲ ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပေမဲ့ အများပြည်သူအသုံးပြုနေကြတဲ့ မီးရထားတွေနဲ့ အဝေးပြေးကား လုပ်ငန်းတွေကိုတော့ ကန့်သတ်ထားဦးမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ စက်တင်ဘာလကတည်းက ကန့်သတ်ထားတဲ့ ခရီးသွားလာမှုတွေကို ပြန်လည်လျှော့ပေါ့ရာမှာ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်အောင် အဓိကထား စဉ်းစားနေရတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

"ကျနော်တို့ ရောဂါထိန်းချုပ်ရေး သဘောကလည်း စပရိန်ပါတဲ့ ခုံကိုဖိတာနဲ့ တူတယ်။ ဖိတဲ့အချိန်မှာ အားသုံးဖိထားရတယ်။ ပြန်လွှတ်တဲ့ အချိန်က အရေးကြီးတယ်။ လွှတ်တဲ့ အချိန်မှာ ရုတ်တရက်လွှတ်လိုက်တဲ့အခါကျရင် စပရိန်ကပြန်ကန်သလိုအင်အားနဲ့ ပြန်ကန်ပြီးတော့ တက်ရင် မလွယ်ဘူးပေါ့နော်။ အဲဒီတော့ ဖြည်းဖြည်းချင်းပဲ လွှတ်ရတဲ့ သဘောမျိုး ရှိတယ်။ စပြီး ဦးစားပေးကကျတော့ အရမ်းကြီးလည်း မကျယ်ဘူး၊ အရမ်းလူလွတ် မသွားဖို့ကိစ္စတွေပေါ့နော်။ ကားနဲ့သွားတာနဲ့၊ လေယာဉ်တွေနဲ့သွားတာနဲ့ တရက်တရက်စဉ်းသာစဉ်းစားကြည့်ပေါ့ တရက်တရက်။ ခုဏ ရောဂါထိန်းချုပ်ရေး နိယာမ သဘောတရားကတော့ ဖြည်းဖြည်းချင်းပဲ လွှတ်ရတဲ့ သဘောရှိပါတယ်။"

ကပ်ရောဂါကူးစက်မှုတွေ တိုးလာရာက ခရီးသွားလာမှုတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တားမြစ်ထားပေမဲ့ ကုန်စည်စီးဆင်းမှုတွေမှာ ထိခိုက်မှုတွေမှာ သက်သာအောင် ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်အကူတွေကိုတော့ ကျန်းမာရေးစစ်ဆေးပြီး သွားလာခွင့် ပြုထားပါတယ်။

ခရီးသည်တင်ကားတွေ ကပ်ရောဂါကာလ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ပြန်လည်ခွင့်ပြုဖို့လည်း တိုင်းနဲ့ပြည်နယ်တချို့က ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံမှာ ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာတော့ ခရီးသည်တင် အဝေးပြေးကားတွေကို ဝင်ရောက်ခွင့်ပြုဖို့ စီစဉ်နေတယ်လို့လည်း ရန်ကုန်တိုင်း အောင်မင်္ဂလာအဝေးပြေးဝင်းက အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဝင်းကပြောပါတယ်။

"တိုင်း ဒေသကြီး အစိုးရက ပြန်ခွင့်ပြုတယ်။ ပြည်နယ်အစိုးရက လက်ခံတယ်။ ရန်ကုန်တိုင်းက လွှတ်ချင်တိုင်းလည်း ပြည်နယ်က လက်မခံရင် အဆင်မပြေဘူး။ ရှင်းရှင်းပြောရရင်တော့ ချိတ်ဆက်တာပေါ့။ ရခိုင်ပြည်နယ်ဆိုရင် တနင်္ဂနွေနေ့ဆို စစ်တွေဘက်၊ တနင်္လာကို စစ်တွေဘက်ကို၊ တနင်္လာနဲ့ ဗုဒ္ဓဟူးကျတော့ တောင်ဂုတ်၊ သံတွဲတို့ အဲဒီဘက်ကို ၂ ဖွဲ့ခွဲလွှတ်တယ်။ ၃ ရက်ပေါ့နော် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး အဲဒီလိုလေးတော့ရှိတယ်။ ဒါကတော့ တရားဝင် ခွင့်ပြုတာပေါ့နော်။"

ရောဂါကူးစက်မှု အဆိုးဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းထဲက အဓိက အဝေးပြေးကားဂိတ်တွေဖြစ်တဲ့ အောင်မင်္ဂလာနဲ့ ဒဂုံဧရာအဝေးပြေး ကားဝင်းတွေကနေ တနိုင်ငံလုံးကိုသွားလာနေတဲ့ ယာဉ်လိုင်းစုစုပေါင်း ၄၀၀ နီးပါးရှိပြီး ကပ်ရောဂါကာလမတိုင်ခင် အချိန်အထိ နေ့စဉ်ခရီးသွား ၂၀,၀၀၀ လောက် ရှိတယ်လို့လည်း ရန်ကုန်တိုင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ ကပ်ရောဂါကြုံခဲ့ရပြီးနောက် အသွားအလာတွေ ကန့်သတ်ထားခဲ့ပြီးနောက် ကုန်စည်တင်ဖို့အတွက် ကားစင်းရေ ၂၀ လောက်သာ ပြေးဆွဲနေပါတယ်။

အများပြည်သူသွားလာရာမှာ အဓိကအသုံးပြုတဲ့ မီးရထားလုပ်ငန်းတွေကိုလည်း အကန့်အသတ်နဲ့သာ ခွင့်ပြုထားပါတယ်။ ရောဂါကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း မြို့ပတ်ရထားတွေ တိုးချဲ့ပြေးဆွဲဖို့ ကျန်းမာရေးဝန်ကြီးဌာနကို တင်ပြထားပေမဲ့ ခွင်ပြုချက်မရသေးဘူးလို့လည်း မြန်မာနိုင်ငံ မီးရထားလုပ်ငန်းက ညွှန်ကြားရေးမှူး ဦးကျော်စိုးလင်းကပြောပါတယ်။

"ရထားတွေ တိုးပြေးဖို့ ညွှန်ကြားချက်တစုံတရာ မရသေးဘူး။ မြို့ပတ်ကတော့ ၁၂ စီးကနေ ၃၀ ပေါ့ ပြေးဖို့။ တိုင်းမန်နေဂျာကနေ ကျနော်တို့ဆီ တင်တော့ ကျနော်တို့က ဆက်တင်ထားတာ။ အဓိကကတော့ ရုံးချိန်ပေါ့နော်။ ရုံးချိန်တွေမှာ social distancing မရဘူးပေါ့။ ခရီးသည် နည်းနည်းများတယ်။ ၁၂ စီးကနေ ၃၀ ဆိုတော့ ရထား နည်းနည်းတိုးပြေးလိုက်ရင် Social Distancing လည်း နည်းနည်းပိုကောင်းမယ်ပေါ့နော်။ အဲဒီ ရည်ရွယ်ချက်ပါ။ ရုံးတက် ရုံးဆင်းချိန်လေးကို ကြည့်ပြီးတော့ တိုင်းမန်နေဂျာက ရန်ကုန်တိုင်း အခြေအနေကို ကျနော်တို့ဆီ တင်ပြတော့ ကျနော်တို့က ဆက်တင်ပေးထားတာရှိတယ်။ ကျန်တဲ့ အဝေးပြေးကတော့ မရှိဘူးဗျ။"

ကပ်ရောဂါမတိုင်ခင်အချိန်အထိ ရန်ကုန်ကနေ ပြေးဆွဲနေတဲ့ မန္တလေး၊ ပြည်၊ မော်လမြိုင်၊ ပဲခူး၊ ပုဂံ၊ ဥက္ကံ၊ ကြည့်မြင်တိုင်- သာရဝေါ၊ ကြည့်မြင်တိုင်- ပြည် စတဲ့ ရထားခရီးစဉ် ၁၁ ခုကိုတော့ ရပ်နားထားဆဲဖြစ်ပါတယ်။ မန္တလေးတိုင်းမှာတော့ မန္တလေး- မြစ်ကြီးနား၊ မန္တလေး- လားရှိုး စတဲ့ ရထား ခရီးစဉ် ၆ ကြောင်းကို ဆက်လက်ပြေးဆွဲပေးနေပေမဲ့ လတ်တလော နောက်ထပ်တိုးချဲ့ဖို့ အစီအစဉ် မရှိသေးဘူးလို့လည်းပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်းအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၂၀၀ ကျော်နဲ့၊ ကူးစက်သူအတည်ပြုလူနာပေါင်းကတော့ ၁၀၈,၀၀၀ ကျော်ရှိနေပါတယ်။

VOA News