တရုတ်ကို ဝေဖန်ဖို့ ဂျပန်နဲ့ တောင်ကိုရီးယားကို ကန်တိုက်တွန်း

14-Nov-2020

တရုတ်နိုင်ငံက လူနည်းစု မူဆလင်တွေကို ဖိနှိပ်ဆက်ဆံနေတာနဲ့ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့အပေါ် ပြုမူဆက်ဆံနေမှုတွေအပေါ် ဝေဖန်ပြောကြားကြဖို့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို အမေရိကန်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက တရုတ်တို့ အားပေးထောက်ခံတဲ့ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ကို ဒီ သီတင်းပတ်အကုန်မှာ လက်မှတ်ရေးထိုးခါနီးမှာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြား ရေး ဝန်ကြီး Marc Knapper က အခုလို တဲ့တိုး တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ဟာ ကမ္ဘာမှာ အကြီးဆုံး လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် တစ်ခု ဖြစ်လာနိုင်တာပါ။

တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အတူလက်တွဲ အလုပ်လုပ်ကြဖို့ နဲ့ ပြည်သူတွေရဲ့ ပုဂ္ဂလိက သတင်းအချက်အလက်တွေ တရုတ်တို့ လက်ကို ရောက်မသွားဖို့ အရေးကြီးကြောင်းလည်း Marc Knapper က ပြောပါတယ်။

Brookings Institution က အွန်လိုင်းက ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဂျပန်နဲ့ တောင်ကိုရီးယားဆိုင်ရာ ဒုလက်ထောက်ဝန်ကြီးဖြစ်သူ Knapperက အဲဒီ နှစ်နိုင်ငံနဲ့ တရုတ်တို့အကြား စီးပွားဆက်ဆံရေးမှာ သိမ်မွေ့ နူးညံ့တဲ့ အနေအထား ရှိတာကို နားလည်တယ်လို့ လည်း ပြောပါတယ်။

ကုန်သွယ် စီးပွား ဆက်ဆံရေး ရှိနေတဲ့ အချက်ကို လစ်လျူရှုပြီး တရုတ်နိုင်ငံရဲ့ ဆိုးရွားတဲ့ ပြုမူချက်တွေအပေါ် ဝေဖန်ပြောကြား ရမှာ ဖြစ်သလို အမေရိကန်နိုင်ငံလိုပဲ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကလည်း ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေကို ကိုယ်စားပြုပြီး တရုတ်နိုင်ငံကို ဝေဖန်ပြောကြားဖို့ တာဝန်ရှိုတယ်လို့လည်း Knapper က ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်စစ်ပွဲနဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်သာ ပထမ မူဝါဒကို ကျင့်သုံးပြီး အရင် သမ္မတ Barack Obama ရဲ့ အာရှကို ဗဟိုပြုရေး Pivot Asia မူဝါဒကို အလေးမပေးတော့တာကြောင့် ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (RECP) အယူအဆ ကြီးထွားလာဖို့ အခွင့်အရေး ရစေခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းက ပြောပါတယ်။

Crd VOA News