တို့တာဝန်အရေးသုံးပါး အလေးထားသူတွေကို မဲပေးကြဖို့ ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း

06-Nov-2020

အရာရှိတွေ၊ စစ်သည်တွေ၊ မိသားစုတွေအားလုံး လွတ်လွတ်လပ်လပ် မဲပေးနိုင်ပြီး တို့တာဝန်အရေးသုံးပါး ( ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး) ကို အလေးထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို  ထည့်သွင်းစဉ်းစား မဲပေးဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းစစ်ဌာနချုပ် အသီးသီးက တိုင်းမှူးတွေနဲ့ ဗွီဒီယိုက တဆင့်တွေ့ဆုံချိန်မှာ မနေ့က တိုက်တွန်းလိုက်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ သုံးရက်အလိုမှာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ဖို့ လိုအပ်တာတွေ မှာကြားချိန်မှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကို ပြောကြားလိုက်တာပါ။

"တစ်အချက်ကတော့ တို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ ကိုယ်စားလှယ်ကောင်းတွေကို စဉ်းစားနိုင်ဖို့ဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံကိုကောင်းဖို့အတွက် ဒေသကိုကောင်းဖို့အတွက် တစ်ကယ်ကိုဆောင်ရွက်ပေးနိုင်တဲ့ ကိုယ်စားလှယ်ကောင်းတွေ ဖြစ်ဖို့လိုပါတယ်။ ဒါလေးကို ထည့်သွင်းစဉ်းစားပြီးတော့မှ တပ်မတော်သားတွေရော၊ မိသားစုဝင်တွေရော အားလုံးကနေ လွတ်လွတ်လပ်လပ်  မဲပေးခွင့် မဲပေးလို့ရတယ်ဆိုတာ ပြောချင်ပါတယ်"

မဲပေးတဲ့နေ့မှာ လွတ်လပ်လုံခြုံစွာ မဲပေးနိုင်ဖို့အကူအညီပေးဖို့ မှာကြားတဲ့အပြင် တပ်မတော်ကို ဘေးက ကန့်ကွက်တာ မကန့်တာက တပိုင်းဖြစ်ပြီး ရွေးကောက်ပွဲ အောင်မြင်ဖို့လိုတယ်လို့လည်း ပြောပါတယ်။

"နောက် ဒီရွေးကောက်ပွဲက နိုင်ငံရဲ့ ဒီမိုကရေစီစနစ်မှာတော့ အရေးပါတဲ့ အဆုံး အဖြတ်ပေးမယ့် ကိစ္စတစ်ခုပဲ။ ဒါကြောင့် တပ်မတော်အနေနဲ့ အချိန်ကာလကြာကြာကတည်းကနေပြီးတော့ ရွေးကောက်ပွဲနှင့်စပ်လျဉ်းပြီးတော့မှ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် အမြဲတမ်းပြောခဲ့တာရှိတယ်။ ဒါကြောင့် ရွေးကောက်ပွဲအတွက် မဲပေးတဲ့အခါမှာ လွတ်လပ်ပြီးတရားမျှတတဲ့ မဲပေးမှုရှိအောင် အားလုံးကနေ ဝိုင်းဝန်းကြိုးစားပေးပါ။ ဘေးကနေ ဒီဟာနှင့်ပတ်သက်ပြီး မသမာမှုလုပ်တယ်ဆိုလို့ ရှိရင်လည်း ကန့်ကွက်တာ မကန့်ကွက်တာ တစ်ပိုင်းပေါ့။ အရေးကြီးတာတော့ ကောင်းကောင်းမွန်မွန် ရှောရှောရှူရှူနဲ့ မဲပေးပြီးတော့ ဒီမဲပေးတဲ့ ရက်ကာလတစ်ခု ရှောရှောရှူရှူနဲ့ ချောချောမွေ့မွေ့နဲ့ အောင်မြင်သွားဖို့လိုတယ်။ အဖုအထစ်တွေနဲ့ မဖြစ်စေချင်ဘူး"

ကြိုတင်မဲ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း …..

"တနေ့က ထုတ်ပြီးတော့ ပြောခဲ့တာရှိတယ်။ တစ်ချို့နေရာတွေမှာ သတင်းတွေ မင်းတို့ရဲ့ တင်ပြချက်တွေကြောင့် သိနေတာတွေရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ တစ်ကယ် မဲပေးတဲ့နေ့ကျရင်တော့ ဒါကတော့ မဲပုံးထဲထည့်မှာပေါ့။ အခုပေးနေတာတော့ ကြိုတင်မဲပေးတဲ့ကိစ္စတွေ ဖြစ်တယ်။  ကြိုတင်မဲပေးတဲ့ကိစ္စတွေမှာ အားနည်းချက်တွေရှိနေတဲ့အတွက်ကြောင့် တစ်ကယ်မဲပေးတဲ့ နေ့ကျလို့ရှိရင်လည်း အကြောင်းအမျိုးမျိုးကြောင့် အားနည်းချက်ဖြစ်လာလို့ရှိရင်လည်း ချောချော မွေ့မွေ့နဲ့ဖြစ်စေရေးအတွက် သက်ဆိုင်ရာကော်မတီအသီးသီးနဲ့ ပေါင်းစပ်ပြီးတော့မှ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်အောင်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင်။ ဆောင်ကျဉ်းပေးပါလို့ အောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ မဲရုံအသီးသီးမှာ နီးစပ်တဲ့ အဖွဲ့တွေ အားလုံးကို မှာကြားဖို့ ပြောလိုတယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နေတာတွေဟာ  လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးအတွက် သံသယရှိပြီး ဒါဟာ အစိုးရမှာ တာဝန်ရှိတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာလ ၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မဲပေးမယ့်နေ့မှာ အကြောင်းကြောင်းကြောင့် မိုးရွာလို့-  လေတိုက်လို့ သွားရေးလာရေး အခက်အခဲဖြစ်လာမယ်ဆိုရင် တပ်မတော်သားတွေအနေနဲ့ မဲပေးတဲ့သူကလည်း မဲပေးဖို့ လိုသလို။  မဲပေးတဲ့သူတွေရော မဲပေးဖို့ အချိန်ရတဲ့သူတွေကရော သဘာဝဘေး အန္တရာယ်ဖြစ်လာလို့ရှိရင် အမြန်ဆုံးသွားရောက်ကူညီဆောင်ရွက်ပေးဖို့ လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားပါတယ်။

ကမ္ဘာအရပ်ရပ်က မိုးလေဝသ သတင်းတွေကို ခန့်မှန်းပေးနေတဲ့  weather.com အင်တာနက်မှာတော့ မြန်မာနိုင်ငံက ရွေးကောက်ပွဲကျင်းပတဲ့ရက်မှာ နေပြည်တော်မှာရော ရန်ကုန်မှာပါ မိုးရွာရန် ရာနှုန်း ၂၀ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

Crd RFA